နေပြည်တော် စက်တင်ဘာ၂၇

 

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဦးစီးကော်မတီ တတိယအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ရုံးအမှတ်(၃၁)ရှိ အစည်းအဝေး ခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အမျိုးသား အားကစားပွဲတော် ကျင်းပရေး ဆပ်ကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ အမျိုးသားအားကစားပွဲတော်ဦးစီးကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံက အမျိုးသားအားကစားပွဲတော်၌ အသုံးပြုရန် အတည်ပြုသတ်မှတ် ရွေးချယ်ထားသည့် Logo နှင့် အခမ်းအနားဖွင့်ပွဲ၊ ပိတ်ပွဲကျင်းပမှုအစီအစဉ်များ၊ သရုပ်ပြဖျော်ဖြေမှုဆိုင်ရာ ကိစ္စရပ်များ၊  ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ ပရိတ်သတ်များ လာရောက်ကြည့်ရှုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားမှုနှင့် မီးရှူးတိုင်သယ်ယူမည့်လမ်းကြောင်း စီစဉ်ဆောင်ရွက်ထားမှု အခြေအနေများကို အသေးစိတ်ရှင်းလင်း ပြောကြား၍ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နိုင်ငံတော်အဆင့် ခမ်းနား အောင်မြင်စွာဖြင့် ကျင်းပပြုလုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များနှင့် ပေါင်းစပ်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အမျိုးသား အားကစားပွဲတော်ကျင်းပရေး ဆပ်ကော်မတီများမှ တာဝန်ရှိသူများက ပဉ္စမအကြိမ် အမျိုးသားအားကစား ပွဲတော် ခမ်းနားအောင်မြင်စွာဖြင့် ကျင်းပပြုလုပ်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်း အကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)