နေပြည်တော် စက်တင်ဘာ ၂၇

 

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ စက်တင်ဘာ ၂၄ ရက်မှ ၂၅ ရက်အထိ ကျင်းပခဲ့သော အာရှ-ပစိဖိတ် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (APF) (၂၉) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

 

အစည်းအဝေးသို့ အာရှ-ပစိဖိတ် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (APF) ၏ အဖွဲ့ဝင်နိုင်ငံ (၂၆) နိုင်ငံရှိ လူ့အခွင့်အရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး အာရပ် စော်ဘွားများပြည်ထောင်စု (UAE)၊ တရုတ်တိုင်ပေနှင့် ပါကစ္စတန်နိုင်ငံ လူ့အခွင့်အရေး ကော်မရှင်များမှ ကိုယ်စားလှယ်များ၊ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီးမှ ကိုယ်စားလှယ် များနှင့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂဖွံ့ဖြိုးတိုး တက်မှုအစီအစဉ်မှ ကိုယ်စားလှယ်များက လေ့လာသူများအဖြစ် တက်ရောက်ကြသည်။

 

အစည်းအဝေး ပထမနေ့တွင် ဖိုရမ်၏ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှု အစီရင်ခံခြင်းကိစ္စရပ်များ၊ ဖိုရမ်အဖွဲ့ ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များ၊ ဖိုရမ်နှင့် အရပ်ဘက်အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 

အစည်းအဝေး ဒုတိယနေ့တွင် ဖိုရမ်အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် လေ့လာသူများအဖြစ် တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်များဖြစ်သည့် ကျား၊မ တန်းတူညီမျှမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် ဆက်စပ်အခွင့်အရေးဆိုင်ရာ ကိစ္စများ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ အခွင့်အရေးဆိုင်ရာကိစ္စများ စသည့် ခေါင်းစဉ် များဖြင့် ဆွေးနွေးတင်ပြခြင်း အစီအစဉ်ကို ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါအစီအစဉ်တွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌက ကျား၊မ တန်းတူညီမျှရေး (Gender Equality)ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော် မရှင်က ဆောင်ရွက်နေမှုနှင့် နိုင်ငံတော်၏ အမျိုးသမီးရေးရာကဏ္ဍ ဆောင်ရွက်မှုများတွင် ပါဝင်ဆောင်ရွက်နေမှု ကဏ္ဍများကို ရှင်းလင်း ဆွေးနွေးခဲ့သည်။

 

ယင်းနောက် ဖိုရမ် နှစ်ပတ်လည်အစည်းအဝေးနှင့် တစ်ဆက်တည်း ကျင်းပပြုလုပ်သည့် “အာရှ-ပစိဖိတ်အကြီးတန်းအရာရှိများကွန်ယက်အစည်းအဝေး”သို့ ကော်မရှင်ရုံးညွှန်ကြားရေးမှူး ဦးဇေယျာလင်း တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြခြင်း၊ တက်ရောက်လာသူများ၏  မေးမြန်းမှု များကို တာဝန်ရှိသူများက ဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြပြီး နှစ်ပတ်လည် အစည်းအဝေးကို စက်တင်ဘာ ၂၅ ရက် ညနေပိုင်းတွင် ရုပ်သိမ်းလိုက်သည်။

 

စက်တင်ဘာ ၂၆ ရက်တွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ် အဖွဲ့သည် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။ 

(သတင်းစဉ်)