နေပြည်တော် စက်တင်ဘာ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၄ ခုနှစ်၊လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ နေပြည်တော်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက သန်းခေါင်းစာရင်းကောက်ယူခြင်းလုပ်ငန်းကို နိုင်ငံတော်၏ အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ်ခံယူပြီး ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ ဆိုသည့် ဆောင်ပုဒ်နှင့်အညီ သက်ဆိုင်ရာကော်မတီဝင်များနှင့် ဌာနဆိုင်ရာများက ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီ အတွင်းရေးမှူးဦးအောင်ခိုင်ဆွေက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးနှင့်ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် သန်းခေါင်စာရင်း ကောက်ယူမည့် အခြေအနေများကိုလည်းကောင်း၊ တက်ရောက်လာကြသူများက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


