ဒီနေ့မှာတော့ စက်တင်ဘာလ ၂၆ ရက်နေ့ မနေ့က ထုတ်ပြန်ကြေညာခဲ့တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ ဖိတ်ခေါ်ချက်နဲ့ပတ်သက်ပြီး မီဒီယာများရဲ့ မေးမြန်းမှုများကို တစ်ပေါင်းတည်း ရှင်းလင်းပြောကြားသွားပါမယ်။ တပ်မတော်အနေနဲ့ နိုင်ငံရေးတာဝန်ရယူခဲ့ ရခြင်းရဲ့  အဓိကအခြေခံအကြောင်းတရားကတော့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် ဖြစ်ပါတယ်။ ဒါနိုင်ငံရေးအရ မသမာမှုလုပ်ခြင်းပဲ ဖြစ်ပါတယ်။  နိုင်ငံရေးအရ ညစ်တယ်လို့လည်း ဆိုနိုင်ပါလိမ့်မယ်။ နိုင်ငံရေးပြဿနာပါ။ ဒါကို နိုင်ငံရေးနည်းအရ ဖြေရှင်းဖို့ တပ်မတော်က တရားဥပဒေနဲ့အညီ တောင်းဆိုခဲ့ပါတယ်။

 

လွှတ်တော်နည်းလမ်း၊ အခြေခံဥပဒေခုံရုံးနည်းလမ်း၊ တရားလွှတ်တော်ချုပ်နည်းလမ်း၊ အစိုးရနဲ့ အဓိကတာဝန်ရှိသူတွေက ဖြေရှင်းပေးရမယ့်နည်းလမ်း စတဲ့နည်းလမ်းပေါင်းစုံနဲ့ ဖြေရှင်းဖို့ ဆောင်ရွက်ခဲ့ပါတယ်။  မရခဲ့ပါဘူး။ နိုင်ငံရေးနည်းလမ်းနဲ့မဖြေရှင်းဘဲ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက် လက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်ပြီး NUG, PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေ တည်ထောင်ပြီး အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့ပါတယ်။ ပြည်သူကို  ခြိမ်းခြောက်ခဲ့ပါတယ်။  ဒီလိုအကြမ်းဖက်မှု၊ PDF တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ဒီနေ့ စက်တင်ဘာလ ၂၇ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ ပညာရေး ဝန်ထမ်းဆရာ၊ ဆရာမ ၇၅ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၇ ဦး၊ ရဟန်းသံဃာ ၈၄ ပါး အပါအဝင် အပြစ်မဲ့ပြည်သူ    ၆၇၀၀ ကျော်    သေဆုံးခဲ့ရပါတယ်။  ဗုံးဖောက်ခွဲမှု  ၉၀၀၀ ကျော်ခန့် ဖြစ်ပွားခဲ့ပါ တယ်။ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ စက်ရုံ၊ အလုပ်ရုံ၊ ဘဏ်များ၊  လူနေအိမ်များအပါအဝင်   အခြေခံ အဆောက်အဦ  မီးရှို့ဖျက်ဆီးခဲ့မှု ၁၃၀၀ ကျော်ရှိခဲ့ပါတယ်။  ဒါဟာ နိုင်ငံတော်နဲ့   ပြည်သူ လူထုရဲ့ နစ်နာမှုတွေပဲဖြစ်ပါတယ်။ 

 

ဒီအကြမ်းဖက်မှုတွေကြောင့် နိုင်ငံတော်တည်ငြိမ်ရေး၊ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးတွေကို    များစွာထိခိုက်ခဲ့ရပါတယ်။   ဒါ့ကြောင့်လည်း  ဒီကြေညာချက်ကို ထုတ်ခြင်း ဖြစ်ပါတယ်။ ဒီကြေညာချက်ထုတ်ပြန်ရခြင်း အကြောင်းရင်းတွေကတော့  (၁)ယနေ့ မြန်မာနိုင်ငံရဲ့ အခြေအနေ၊  (၂)ပြောင်းလဲလာတဲ့ နိုင်ငံတကာအခြေအနေ၊   (၃) ငြိမ်းချမ်းရေးကို လိုလားတဲ့အဖွဲ့ အစည်း၊ လူပုဂ္ဂိုလ်များရဲ့ သဘောဆန္ဒတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့နိုင်ငံမှာ    ပြည်သူလူထုရဲ့ဆန္ဒဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကိုပြန်သွားနိုင်ဖို့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို စတင်နေပြီဖြစ်ပါတယ်။  နိုင်ငံသူ၊ နိုင်ငံသားတိုင်း နေရာဒေသမရွေး ဒီမိုကရေစီစနစ်ကို ရယူခံစား နိုင်ခွင့်ရှိဖို့ လိုပါတယ်။ ပြည်သူ့အစိုးရကို ပြည်သူလူထုက လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိရပါမယ်။ ဒီအတွက် လွတ်လပ်စွာဆန္ဒမဲ ပေးနိုင်ရပါမယ်။ ဒီလိုဖြစ်ဖို့ လုံခြုံရေးနဲ့တည်ငြိမ်အေးချမ်းရေးဟာ   အရေးကြီးလှပါတယ်။   ဒါကို ဖော်ဆောင်နိုင်ဖို့ ဒီကြေညာချက် ထွက်ပေါ်လာရခြင်း ဖြစ်ပါတယ်။

 

ဒါ့အပြင် ဒီနေ့ကျွန်တော်တို့နိုင်ငံရဲ့ ဒေသတော်တော်များများမှာ မိုးနှောင်းကာလ ရေကြီး ရေလျှံမှု ဒဏ်တွေ၊ သဘာဝဘေးဒဏ်ခံခဲ့ရပါတယ်။   နှစ် ၅၀/ ၁၀၀ အတွင်းမှာ  အဆိုးရွားဆုံး ဖြစ်စဉ်ပါပဲ။  ဒီအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ တော်တော်ပြင်းပြင်းထန်ထန်ကို ကျွန်တော်တို့      ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အလျင် အမြန်ဆောင်ရွက် နိုင်ဖို့၊ တည်ငြိမ်အေးချမ်းဖို့လိုပါတယ်။ ပြည်သူတွေအပေါ်မှာ တစ်ပူပေါ် နှစ်ပူ အဆင့်မခံစေချင်ပါဘူး။ ဒါ့ကြောင့် ပြည်သူလူထုအပေါ် စာနာထောက်ထားပြီး ငြိမ်းချမ်းရေးလမ်းကိုလျှောက်လှမ်းဖို့  မေတ္တာရပ်ခံရခြင်း ဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့ကတော့ ဒီနေ့ နိုင်ငံတကာအခြေအနေတွေကို လေ့လာကြည့်ရင် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၊ ဒေသတွင်းအင်အားကြီးနိုင်ငံများရဲ့ အကျိုးစီးပွား ပြိုင်ဆိုင်မှုဟာ ပိုမိုများပြားပြင်းထန်လာတာကို တွေ့ရပါမယ်။ ရုရှား-ယူကရိန်းကိစ္စ၊ အရှေ့အလယ် ပိုင်းကိစ္စ၊ တောင်တရုတ်ပင်လယ်ကိစ္စတွေဟာ ထင်ရှားတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်။   ဒီလိုအခြေ အနေမျိုးမှာ ကျွန်တော်တို့နိုင်ငံလို နိုင်ငံငယ်တွေအနေနဲ့ ပြည်တွင်းစည်းလုံးညီညွတ်မှုခိုင်မာဖို့   လိုအပ်ပါတယ်။ ပြည်တွင်းစည်းလုံးညီညွတ်မှုယိုင်နဲ့နေရင် နိုင်ငံတကာပြိုင်ဆိုင်မှုတွေ အကြားမှာ နိုင်ငံပါ ပျောက်သွားနိုင်တဲ့အထိ အန္တရာယ်ကြီးမားလာပါတယ်။ ဒါ့ကြောင့်လည်း ပြည်တွင်း ညီညွတ်မှုကိုဦးတည်ပြီး ဒီကြေညာချက်ထွက်ပေါ်လာရခြင်းပဲ ဖြစ်ပါတယ်။ တတိယအချက်အနေနဲ့ ကတော့ တည်ငြိမ်အေးချမ်းရေးကိုလိုလားတဲ့ တချို့သောတိုင်းရင်းသားလက်နက်ကိုင် EAOs အဖွဲ့များအပါအဝင်   နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များရဲ့ ဆန္ဒသဘောထားတွေကြောင့်ပါပဲ။ ပြည်သူလူထုရဲ့ နေ့စဉ်လူမှုစီးပွားဘဝလုံခြုံရေး၊  တိုးတက်ရေးကို လိုလားတဲ့ အဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ်အသီးသီးက နိုင်ငံတော်အစိုးရနဲ့ နိုင်ငံတော်အကြီး အကဲများထံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို မြှင့်တင်ဆောင်ရွက်ဖို့ အကြံပြု၊ ဆန္ဒပြုကြပါတယ်။   ဒီအဖွဲ့အစည်းအသီးသီး၊   လူပုဂ္ဂိုလ်အသီးသီးရဲ့    ငြိမ်းချမ်းရေးဆန္ဒကို  ကျွန်တော်တို့ အစိုးရက ကျေးဇူးအထူးတင်ပါကြောင်းနဲ့ အထူးအလေးထားပါကြောင်းလည်း ပြောကြားလိုပါတယ်။

 

တပ်မတော်အနေနဲ့  နိုင်ငံတော်တာဝန်ကို ရယူထမ်းဆောင်ခဲ့ရချိန်ကစပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှာ  နိုင်ငံတော်စီမံ  အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ငြိမ်းချမ်းရေးအတွက် ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ခေါင်းဆောင်များကို  နိုင်ငံ့ခေါင်းဆောင်နဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးနိုင်ရေး ထုတ်ပြန်ခဲ့ပါတယ်။ NCA လက်မှတ်ရေးထိုး ထားတဲ့အဖွဲ့ ၇ ဖွဲ့၊ NCA လက်မှတ်မရေးထိုးသေးတဲ့အဖွဲ့ ၃ ဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့တို့က ခေါင်းဆောင် များနဲ့ ၂၀၂၂ ခုနှစ် မေလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း ၃ ကြိမ်တိုင်တိုင် ဆွေးနွေးနိုင်ခဲ့ပါတယ်။ အဲ့ဒီလိုဆွေးနွေးရာမှာ ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့   ပြည်ထောင်စုစနစ်တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ 

 

အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအနေနဲ့လည်း NCA လက်မှတ်ရေးထိုးထားတဲ့ EAO များနဲ့ ၅၆ ကြိမ်၊ NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ EAO များနဲ့ ၂၄ ကြိမ်၊ နိုင်ငံရေးပါတီများနဲ့ ၁၅ ကြိမ်၊ ဘာသာရေးခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး အကျိုးဆောင်များ၊ State Holder များနဲ့ ၃ ကြိမ်၊ စုစုပေါင်း ၉၈ ကြိမ်  ဆွေးနွေးနိုင်ခဲ့ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့   အကြမ်းဖက်လက်နက်ကိုင်ပဋိပက္ခများကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ လူသား အရင်းအမြစ်တွေ၊ ပြည်သူပိုင် အခြေခံအဆောက်အဦတွေ၊  ပြည်သူ့အသက်အိုးအိမ်စည်းစိမ်တွေ များစွာဆုံးရှုံးခဲ့ရပါတယ်။  

 

ဒါ့ကြောင့် နိုင်ငံတော်ကို  ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊  အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အစည်းများ၊ အကြမ်းဖက် PDF အဖွဲ့များအနေနဲ့ လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်တဲ့လမ်းစဉ်ကို စွန့်လွှတ်ပြီး ဒီမိုကရေစီလမ်းစဉ်၊ ဒီမိုကရေစီကျင့်စဉ်နဲ့ ကိုက်ညီတဲ့   ပါတီနိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းတို့ကနေ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်ကြဖို့     ကမ်းလှမ်းဖိတ်ခေါ်ရခြင်းပဲ ဖြစ်ပါတယ်။  ပြည်သူလူထုအပေါ်မှာ    စစ်မှန်တဲ့စေတနာရှိရင် ပြည်သူကို  မျက်နှာမူ၊ ငြိမ်းချမ်းရေး ကို ရှေးရှုကြပါ။ ပြည်သူ့ဆန္ဒအလေးထား၊ အကြမ်းဖက်လုပ်ငန်းစဉ်များကို ရှောင်ရှားကြပါ။   ပြည်သူ့အရေးအလေးပေး၊ ငြိမ်းချမ်းရေးအတွက်    တွေ့ဆုံဆွေးနွေးကြပါလို့ ပြောကြားလိုပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။