နေပြည်တော် စက်တင်ဘာ ၂၇
တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၇၅)နှစ် မြောက်အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ရှိ Wyndham Grand Yangon ဟိုတယ်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့်ဇနီး တက် ရောက်သည်။
ဦးစွာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် အဖွဲ့ဝင်များသည် အဆိုပါ အခမ်းအနားကျင်းပသည့်နေရာ သို့ရောက်ရှိကြရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံအမတ်ကြီး H.E.Ms. Ma Jia ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ စစ်သံမှူး Senior Colonel Qu Zhe နှင့် တာဝန်ရှိသူတို့က ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၇၅)နှစ်မြောက် အထိမ်းအမှတ် ခင်းကျင်းပြသထား သည့် ဓာတ်ပုံပြခန်ကို လှည့်လည်ကြည့်ရှုကြသည်။
အစီအစဉ်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်သီချင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H. E. Ms. Ma Jia က နှုတ်ခွန်းဆက် စကားပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Ms. Ma Jia တို့က တရုတ် ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့်(၇၅)နှစ်မြောက် အထိမ်းအမှတ်ကိတ်မုန့်ကို လှီးဖြတ်ပေး ကြသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံအမတ်ကြီးနှင့် တရုတ်နိုင်ငံ စစ်သံမှူးတို့က အခမ်းအနားသို့ တက်ရောက်လာကြသူများအား ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။
အဆိုပါ အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေး ဦးစီးချုပ် ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူး များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


