နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးခဲ့မှုအပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး
နေပြည်တော် စက်တင်ဘာ ၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးမျိုးသန့်၊ ဒေါက်တာ ညွန့်ဖေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ နေပြည်တော် ကောင်စီနယ်မြေအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့မှုအပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးသည်။
ပေါင်းလောင်းမြစ်ကူးတံတား (အဝေရာ)
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မွန်းတည့်ခွင် - ကျည်တောင် - ခေါမ - ညောင်ပင်သာ လမ်းကြောင်းတစ်လျှောက် မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုသည်။ ထို့နောက် ပျဉ်းမနားမြို့နယ် ပေါင်းလောင်းမြစ်ကူးတံတား (အဝေရာ) သို့ရောက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဆိုပါ လမ်းပိုင်းတစ်လျှောက်၌ ရေကြီးရေလျှံမှု ဖြစ်ပေါ်စဉ် ထိခိုက်ပျက်စီးခဲ့မှုများနှင့် ပြန်လည်ပြုပြင် ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုလမ်းပိုင်းသည် ပျဉ်းမနားခရိုင်နှင့် ဇေယျာသီရိခရိုင်အကြား ဆက်သွယ်ထားပြီး လူနေများသည့် ကျေးရွာများရှိသဖြင့် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးမှုများအား ပြုပြင်၍ လမ်းပန်းဆက်သွယ်မှုကောင်းမွန်အောင် ဆောင်ရွက်ရန်လိုကြောင်းနှင့် လမ်းပိုင်းနှင့် တံတားအား အဆင့်မြှင့်တင်နိုင်မည့် အခြေအနေများ နှင့်ပတ်သက်၍ လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပေါင်းလောင်းမြစ်ကူး တံတား (အဝေရာ) ၏ ပျဉ်းမနားဘက်ခြမ်းရှိ တံတားချဉ်းကပ်လမ်း ရေတိုက်စားခဲ့မှုကြောင့် ပျက်စီးမှုအား နှစ်လွှာတစ်ထပ် ယာယီဘေလီတံတားထိုး၍ ပြင်ဆင်ပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ပေါင်းလောင်း (အဝေရာဆည်) လက်ယာရေပေးမြောင်းမကြီး
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပေါင်းလောင်း (အဝေရာဆည်) လက်ယာရေပေးမြောင်းမကြီး၌ ရေတိုက်စားခံရမှုကြောင့် မြောင်းတာပေါင် ကျိုးပေါက်ခဲ့သည့် နေရာများအား ပြန်လည်ပြင်ဆင်ခြင်း ဆောင်ရွက်နေမှုနှင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။
ရှင်းလင်း တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြန်လည်ပြုပြင် ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စနစ်တကျ တွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေနုတ်မြောင်းများ ရေဝင်ရေထွက်ကောင်းမွန်စေရေး ပြန်လည်တူးဖော်သွားရန်လိုကြောင်း၊ ရေနုတ်မြောင်းများ ပြန်လည်တူးဖော်ဆောင်ရွက်ရာတွင် တစ်နေရာတည်းဆောင်ရွက်၍ မရဘဲ အဆင့်ဆင့်ရေစီးဆင်းမှုကောင်းမွန် အောင်နေရာစုံ၌ ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေမြောင်း၊ တူးမြောင်းများ၌ ရေဝင်ရေထွက်ကောင်းမွန်စေရန် နှစ်စဉ်စစ်ဆေးမှုများ ပြုလုပ်နေရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
အခြေခံပညာအထက်တန်းကျောင်းခွဲ (ဆင်သေ)
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးခဲ့ရပြီး ရေများပြန်လည်ကျဆင်းသွားသည့် အချိန်တွင် နုန်းတင်ကျန်ခဲ့သည့် ဆင်သေကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ၌ နုန်းများ ဖယ်ရှားရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများ ကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ကျောင်းတာဝန်ခံ ဆရာ၊ ဆရာမများက ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့် သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျောင်းပြန်လည် ဖွင့်လှစ်သင်ကြားပေးနိုင်ရေးအတွက် လိုအပ်သည်များကို အမြန်ဆုံးဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများကို မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် နုန်းများ ဖယ်ရှားရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေများကို ပေးအပ်ပြီး ဆရာ၊ ဆရာမများ အား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆင်သေကျေးရွာမှ ညောင်ပင်သာကျေးရွာလမ်းအတိုင်း ရေကြီးရေလျှံမှုကြောင့် ရေဝင်နစ်မြုပ်ခဲ့မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အပျက်အစီးများ၊ သစ်ပင်သစ်ကိုင်းများ ဖယ်ရှားရှင်းလင်းခြင်းတို့ကို အစီအမံဖြင့် ရက်ပိုင်းအတွင်း ပြီးစီးအောင်ဆောင်ရွက် သွားရန်လိုကြောင်း၊ မွန်းတည့်ခွင် - ကျည်တောင် - ခေါမ - ညောင်ပင်သာ လမ်းကြောင်းသည် သွားလာမှုများပြားလာပြီဖြစ်သဖြင့် စနစ်တကျ သုတေသနပြုလုပ်ပြီး လမ်းကြောင်းအဆင့်မြှင့်တင်ခြင်းများကို ဆောင်ရွက်ပေးသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။
အခြေခံပညာအထက်တန်းကျောင်း (ကျောက်ချက်)
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဇေယျာသီရိမြို့နယ် ကျောက်ချက်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ရေဝင်ရောက်မှုများအား ပြန်လည်ရှင်းလင်း ဆောင်ရွက်ထားရှိမှု၊ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှု၊ ပညာရေးဝန်ကြီးဌာနမှ စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များ ထောက်ပံ့ပေးထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။
သိုက်ချောင်းတံတား (ဆင်သေချောင်းကူး)
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့အား ဆက်သွယ်ထားသော ပုဗ္ဗသီရိမြို့ပတ်လမ်းပေါ်ရှိ သိုက်ချောင်းတံတား (ဆင်သေချောင်းကူး) သိုက်ချောင်းဘက်သို့ အသွားတံတား တံတားရေလယ်တိုင် (Pier) များ နိမ့်ကျခြင်းဖြစ်ပေါ်နေမှုကို ပြန်လည်ပြင်ဆင်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပျက်စီးသွားသည့်တံတားများ ပြန်လည်ပြုပြင်တည်ဆောက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေး၊ သဘာဝဘေး ဒဏ်ခံနိုင်ရေးနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ချိန်တွင် အရှိန်အဟုန်ဖြင့် ရေစီးဆင်းမှုဒဏ်ကိုခံနိုင်ရေးတို့အတွက် စနစ်တကျ ထည့်သွင်းတွက်ချက်၍ ပြန်လည်ပြင်ဆင်ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားပြီး ဆောက်လုပ်ရေးဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများကို ချီးမြှင့်ပေးအပ်သည်။
ဓာတ်အားလိုင်းတာဝါတိုင်များ ပြုပြင်ဆောင်ရွက်လျက်ရှိမှု
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နေပြည်တော် - တပ်ကုန်း လမ်းကြောင်းအတိုင်း မော်တော်ယာဉ်များဖြင့် သွားရောက်ခဲ့ပြီး ကင်းသာလမ်းခွဲအနီးရှိ ၂၃၀ ကေဗွီ သာစည် - ရွှေမြို့ ဓာတ်အားလိုင်း တာဝါတိုင်အမှတ် ၃၀၁ မှ ၃၀၅ အထိ တာဝါတိုင် ၅ တိုင် ပြိုလဲပျက်စီးခဲ့မှုနှင့် ၂၃၀ ကေဗွီ ရွှေမြို့-နေပြည်တော် (၂) ဓာတ်အားလိုင်း တာဝါတိုင်အမှတ် ၁၂ မှ ၁၅ အထိ တာဝါတိုင် ၄ တိုင်ပြိုလဲပျက်စီးမှုတို့အား ပြန်လည်ပြုပြင်ရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် တာဝါတိုင်များ ဖြုတ်သိမ်းခြင်း၊ ပြန်လည်စိုက်ထူခြင်း လုပ်ငန်းများကို စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုပြီး ရေရှည်တည်တံ့ခိုင်မြဲရေး၊ ဘေးကင်းစိတ်ချရမှုရှိ စေရေးကို ဦးစားပေးဆောင်ရွက်ရန်လို ကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားပြီး လုပ်ငန်းဆောင်ရွက်နေသည့် ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည့် အဆုံဇီးကုန်းကျေးရွာအခြေခံပညာ မူလတန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ စာပေသင်ကြားနေမှုများကို သွားရောက်ကြည့်ရှု အားပေးပြီး ကျောင်းသား ကျောင်းသူများ၊ ဆရာ၊ ဆရာမများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ကာ ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ ထို့နောက် နုန်းများ ဖယ်ရှားရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေကြသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များအား ကြည့်ရှုအားပေးပြီး စားသောက်ဖွယ်ရာပစ္စည်းများ ချီးမြှင့်ပေးအပ်သည်။
နဝင်းချောင်းတံတား(အဆုံ) ချဉ်းကပ်လမ်းကမ်းကပ်ခုံ ဆောင်ရွက်နေမှု
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နဝင်းချောင်း တံတား (အဆုံ) နေရာသို့ ရောက်ရှိကြပြီး ရေတိုက်စားမှုကြောင့် တံတားချဉ်းကပ် လမ်း ပြိုကျပျက်စီးခဲ့မှုအား ယာယီ ဘေလီတံတား တည်ဆောက်ပြုပြင်ပြီးစီး မှုနှင့် တံတားချဉ်းကပ်လမ်း ကမ်းကပ်ခုံအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


