နေပြည်တော် စက်တင်ဘာ၂၈
(၄၉) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို “စိုက်ပျိုးရေး နည်းပညာများအား AI apps များ အသုံးပြုလေ့လာခြင်း” ခေါင်းစဉ်ဖြင့် ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးသုတေသန ဦးစီးဌာနတွင်၌ ကျင်းပပြု လုပ်ရာ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ မွေးမြူရေးသုတေသန ဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ပညာရှင်များတက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန သုတေသနမှူး ဒေါက်တာကျော်စွာဝင်းက စိုက်ပျိုးရေး နည်းပညာများအား AI apps များ အသုံးပြုလေ့လာခြင်း ခေါင်းစဉ်ဖြင့် သိပ္ပံဉာဏ်ရည် (AI) နှင့်စပ်လျဉ်း၍ သိမှတ်ဖွယ်ရာများ၊ သိပ္ပံဉာဏ်ရည် (AI) ကို စနစ်တကျ အသုံးပြုခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများနှင့် လက်ရှိအသုံးပြုလျက်နိုင်သည့် Chat GPT, DALL-E2, Whisper AI,စသည့် Open AI နည်းပညာများနှင့် စပ်လျဉ်း၍ လည်းကောင်း ၊ Copilot AI အသုံးပြုခြင်း၊ Chat GPT အသုံးပြုခြင်းများကိုတင်ပြဆွေးနွေးသည်။
ထို့နောက် ဒုတိယဝန်ကြီးက AI မှတစ်ဆင့် တောင်သူများအတွက် လိုအပ်သည့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာနှင့် မိုးလေဝသဆိုင်ရာ အချက်အလက်များကို တောင်သူများ ကိုယ်တိုင် ရှာဖွေရရှိစေနိုင်မည်ဖြစ်သောကြောင့် အဆိုပါ AI မှ တောင်သူများအတွက် များစွာအထောက်အကူ ဖြစ်မည်ဖြစ်ကြောင်းပြောကြားသည်။
ယင်းနောက် Chat GPT, Copilot, Perplexity, Felo, Poe ,Gemini စသည့် AI များကို အသုံးပြု၍ စိုက်ပျိုးရေးသုတေသီများ၊ စိုက်ပျိုးပညာပေးများအတွက် အရေးပါ အသုံးတည့်စေမည့် မေးခွန်းများနမူနာမေးမြန်းခြင်းများကို လက်တွေ့သရုပ်ပြကြပြီး သုတေသီနှင့် နည်းပညာပေးဝန်ထမ်းများ၏ လက်ရှိ AI သုံးစွဲနေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


