ကြည်ထွန်း (လူမှု)

 

“အသက်အရွယ် အိုမင်းခြင်း သို့မဟုတ် မိမိမတတ်စွမ်းနိုင်သော အခြေအနေများကြောင့် အသက်မွေးဝမ်းကျောင်း မပြုနိုင်ခြင်းတို့ဖြစ်ပေါ်ခဲ့လျှင် ဘဝလုံခြုံမှု ရပိုင်ခွင့်ရှိသည်” ဟု ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၂၅ (၁) တွင် ဖော်ပြထားပါသည်။ အသက် ၆၀ နှစ်အထက်ကို သက်ကြီးပုဂ္ဂိုလ်ဟု ကုလသမဂ္ဂ နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသည်။ ၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံက ဆုံးဖြတ်ချက် အမှတ် (၄၅/၁၀၆)ဖြင့် နှစ်စဉ် အောက်တိုဘာလ ၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ (International Day of Older Persons) ဟု ဂုဏ်ပြု သတ်မှတ်ခဲ့သည်မှာ ယခု ၂၀၂၄ ခုနှစ်တွင် ဆယ်စုနှစ်သုံးခုကျော်၍ လေးနှစ်စွန်းလာပြီ။

 

သက်ကြီးသူတို့ကမ္ဘာ

 

၂၀၂၄  ခုနှစ် ကမ္ဘာ့လူဦးရေမျှော်မှန်းချက် (World Population Project 2024) အစီရင်ခံစာအရ ကမ္ဘာတစ်ဝန်း၌ လူဦးရေ ၈ ဒသမ ၂ ဘီလီယံရှိပြီး လာမည့်နှစ် ၆၀ အထိ ဆက်လက်တိုးလာဖွယ်ရှိရာ ၂၀၈၀ ပြည့်နှစ်တွင်  ၁၀ ဒသမ ၃ ဘီလီယံသို့ ရောက်ရှိနိုင်သည်ဟု  ကုလသမဂ္ဂက ခန့်မှန်းထားသည်။  ကမ္ဘာ့နိုင်ငံထက်ဝက်ကျော်ခန့်၌   ပျမ်းမျှ လူ့သက်တမ်း ၇၅ နှစ်အထက် ကျော်လွန်လာပြီ ဖြစ်ရာ ၁၉၅၀ ပြည့်နှစ်ကာလနှင့်နှိုင်းယှဉ်ပါက ၂၅ နှစ်ခန့် တိုးလာခြင်းဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် ၁၉၈၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်အတွင်း အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အို သန်း ၂၆၀ မှ ၇၆၁ သန်းအထိ တိုးပွားလာသည်။ ၂၀၂၁ ခုနှစ်မှ ၂၀၅၀ ပြည့်နှစ်အတွင်း ၁၀ ရာခိုင်နှုန်းမှ ၁၇ ရာခိုင်နှုန်းအထိ ထပ်မံတိုးပွားလာနိုင်သည်ဟု ခန့်မှန်းထားသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ၂၀၃၀ ပြည့်နှစ်အရောက်တွင် သက်ကြီးပုဂ္ဂိုလ်အရေအတွက်သည် လူငယ်ဦးရေထက် ပိုမိုများပြားလာမည်ဟု ခန့်မှန်း ထားသည်။ သို့ဖြစ်ရာ ကျွန်ုပ်တို့၏ ကမ္ဘာကို သက်ကြီးသူတို့ကမ္ဘာ ဟု တင်စားခေါ်ဆိုနေကြပြီဖြစ်သည်။ ကမ္ဘာ့ နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်ပါဝင်မှု ရာခိုင်နှုန်းသည် ၁၉၇၃ ခုနှစ်က ခြောက်ရာခိုင်နှုန်းသာရှိရာမှ ၂၀၁၉ ခုနှစ်တွင် ၁၀ ဒသမ ၁ ရာခိုင်နှုန်းအထိ တိုးလာသည်။ ယခု အချိန်တွင် သက်ကြီးပုဂ္ဂိုလ် ခြောက်သန်းခွဲကျော်ရှိလာပြီဟု ခန့်မှန်းထားရာ မြန်မာ့လူဦးရေ ၅၆ သန်းကျော်နှင့် တွက်ချင့်လျှင် မြန်မာကိုးဦးခန့်တွင် တစ်ဦးသည် သက်ကြီးပုဂ္ဂိုလ် စာရင်းဝင်ဖြစ်လာပြီဟု ဆိုရပါမည်။

 

ဦးတည်ချက်ဆောင်ပုဒ်

 

ဖွံ့ဖြိုးဆဲနိုင်ငံများ၏ သက်ကြီးပုဂ္ဂိုလ်တိုးပွားနှုန်းသည် ဖွံ့ဖြိုးပြီးနိုင်ငံများထက် ပိုမိုမြန်ဆန်သည်။ ထိုသို့ လူဦးရေအချိုးအစား ပြောင်းလဲလာမှုသည် သမားရိုးကျအခြေအနေနှင့် သမားရိုးကျမဟုတ်သည့် အခြေအနေတို့တွင် ငွေကြေးကုန်ကျသည့် ပံ့ပိုးမှုနှင့် ငွေကြေးပံ့ပိုးမှုမကုန်ကျသည့် ပံ့ပိုးမှုနှစ်ရပ်စလုံးတွင် လိုအပ်သည့် ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများကို သိသိသာသာ ပြောင်းလဲစေသည်။ သက်ကြီးပုဂ္ဂိုလ် များပြားလာခြင်းကြောင့် ပိုမိုကျယ်ပြန့်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် စိတ်လူမှုစောင့်ရှောက်ရေး ဝန်ဆောင်မှု လိုအပ်ချက်များ သိသာစွာမြင့်တက်လာသည်။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသည့် သက်ကြီးပုဂ္ဂိုလ်များအတွက် လိုအပ်ချက်များပြားလာသည်။ ကမ္ဘာ့နိုင်ငံအသီးသီး၌ သက်ကြီးများ၏ အခွင့်အရေး အတွက် ပိုမိုခိုင်မာသော ကမ္ဘာလုံးဆိုင်ရာ ကတိကဝတ် အလုံးစုံပြည့်စုံသော သဘောတူစာချုပ် ထွက်ပေါ်လာဖို့လိုသည်။ ကမ္ဘာနှင့်အဝှမ်းသက်ကြီး ဆူနာမီလှိုင်းရိုက်ခတ်လာမည့်အခြေအနေမှာ ချင့်မြော် တွေးဆ၍ စီမံဆောင်ရွက်ရမည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပြီ။

 

ထို့ကြောင့် သက်ကြီးပုဂ္ဂိုလ်ကုသစောင့်ရှောက်မှု ဆေးပညာ (geriatrics)၊ အိုခြင်းနှင့် အိုမှုဖြစ်စဉ် လေ့လာမှုဆိုင်ရာ အတတ်ပညာ (gerontology)များ ကျယ်ကျယ်ပြန့်ပြန့်ထွန်းကားရေး၊ သက်ကြီး ပုဂ္ဂိုလ်များကို စနစ်တကျ ရေရှည်ပြုစုစောင့်ရှောက်နိုင်မည့်သူ (caregivers) များ လေ့ကျင့်မွေးထုတ်ရေး၊ သက်ကြီးပုဂ္ဂိုလ် စောင့်ရှောက်ရေး ဆရာဝန်များ၊ သက်ကြီးပုဂ္ဂိုလ်စောင့်ရှောက်ရေး ပညာရပ်များအတွက် ပညာရေး အခွင့်အလမ်းများနှင့် သင်တန်းများဖွင့်လှစ်ရေး စသည့်အစီအမံများကို ဆွေးနွေး ညှိနှိုင်းချမှတ်မှ ဖြစ်တော့မည်။ သက်ကြီးပုဂ္ဂိုလ်များ၏ ဂုဏ်သိက္ခာ၊ ယုံကြည်မှု၊ လိုအပ်ချက်နှင့် လုံခြုံမှုကို လေးစားတန်ဖိုးထားသည့် သက်ကြီးပုဂ္ဂိုလ် အာရုံစိုက်ချဉ်းကပ်နည်းကို မြှင့်တင်ပြီး ၎င်းတို့၏ လူနေမှုဘဝအဆင့်အတန်းအတွက် ၎င်းတို့ ကိုယ်တိုင် ဆုံးဖြတ်ရွေးချယ်နိုင်ခွင့်ကိုလည်း အလေးထားရပေမည်။ သို့ဖြစ်၍ ကုလသမဂ္ဂက ယခု ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာသက်ကြီး ပုဂ္ဂိုလ်များနေ့ ဦးတည်ချက်ဆောင်ပုဒ်ကို “Ageing with Dignity: The Importance of Strengthening Care and Support Systems for Older Persons Worldwide.”ဟု ချမှတ်ပေးလိုက်ခြင်းပင် ဖြစ်သည်။

 

သက်ကြီးပုဂ္ဂိုလ်များဆိုင်ရာအခြေခံမူငါးရပ်

 

၁၉၉၁ ခုနှစ်က ကျင်းပသော ကုလသမဂ္ဂ အထွေထွေညီလာခံက ဆုံးဖြတ်ချက် ၄၆/၉၁ ဖြင့် ချမှတ်ပေးခဲ့သော အောက်ဖော်ပြပါ သက်ကြီးပုဂ္ဂိုလ်များဆိုင်ရာအခြေခံမူ (United Nations Principles for Older Persons) ငါးရပ်သည် မည်သို့ပင် ခေတ်စနစ်အခြေအနေများ ပြောင်းလဲစေကာမူ ယနေ့တိုင် ခေတ်မီနေဆဲ၊ ဆန်းသစ်နေဆဲ ဖြစ်သည်။

 

အခြေခံလိုအပ်ချက်များပြည့်စုံစေ၍ အမှီအခိုကင်းစွာ မိမိကိုယ်တိုင်ရပ်တည်နိုင်ရေး (Independence)

 

ကိစ္စမြားမြောင်လူတို့ဘောင်၌ ဆယ်စုနှစ် ခြောက်ခုကျော်ကာလ ကျင်လည်ခဲ့ပြီးသူတစ်ဦးအဖို့ သက်ကြီးပုဂ္ဂိုလ် ဘဝသည် အရေးကြီးဆုံးအချိန် ဖြစ်သည်။ ထိုကာလတွင် စားရေး၊ ဝတ်ရေး၊ နေရေး နှင့် ကျန်းမာရေး စသည့်အခြေခံလိုအပ်ချက်တို့အပြင် ထိုက်သင့်သောအလုပ်အကိုင်နှင့် ဝင်ငွေရရှိရေး၊ သိလိုတတ်လိုသော ပညာရပ်ဆိုင်ရာများကို လေ့လာ ဆည်းပူးခွင့်ရရှိရေး၊ ကိုယ်ပိုင်လွတ်လပ်ခွင့်များနှင့် အမှီအခိုကင်းရေးသည် သက်ကြီးပုဂ္ဂိုလ်များအဖို့ ရရှိခံစားအပ်သော အခြေခံအခွင့်အရေးများဖြစ်သည်။ အဆိုပါအခွင့်အရေးများ အပြည့်အဝရရှိ အောင် ဖော်ဆောင်ပေးရန် မျိုးဆက်သစ်တိုင်းတွင် ကိုယ်စီတာဝန်ရှိပါသည်။

 

လူမှုရေးနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိရေး (Participation)

 

“အိုသည့်တိုင်အောင် ဇွဲကိုဆောင်၍ လူ့ဘောင် ကောင်းကျိုးစဉ်သယ်ပိုး” လိုသည်မှာ သက်ကြီးပုဂ္ဂိုလ်များ၏ ဆန္ဒစေတနာပင်ဖြစ်သည်။ လူ့အသိုင်းအဝိုင်းအတွင်း နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူများဖြစ်သည့် အားလျော်စွာ အထီးတည်းမနေလိုကြသူများလည်းဖြစ်သည်။ လှူဒါန်းပေးကမ်းလိုကြ၍ ပရဟိတသင်္ဂဟ လုပ်ငန်းများတွင် ပါဝင်ပျော်မွေ့လို သူများလည်းဖြစ်ကြသည်။ သို့ဖြစ်၍လူမှုရေးနှင့် သာရေးနာမှု အဖွဲ့အစည်းများတွင် ပါဝင်ထမ်းရွက်နိုင်ရန် နေရာပေးကြရမည်။ “သက်ကြီးစကား သက်ငယ်ကြား”ဟူသည့် ဆိုရိုးစကားနှင့်အညီ ၎င်းတို့ထံမှ အတွေ့အကြုံနှင့် ဗဟုသုတများကို တလေးတစားမှတ်သားနာယူကြရမည်။ လူ့အသိုင်း အဝိုင်းအတွင်း စိတ်အားလူအားရှိသမျှ ကိုယ်တိုင် ကိုယ်ကျ ပါဝင်ဆောင်ရွက်ခွင့်ရရှိနိုင်ရန် စီမံဖန်တီး ပေးကြရမည်ဖြစ်သည်။

 

ကြီးသူငယ်သူအပြန်အလှန် စောင့်ရှောက်မှုပြုကြရေး (Care)

 

“ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနား” ဟူ၍ မြန်မာဆိုရိုးစကားရှိပေသည်။ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအရ သက်ကြီးပုဂ္ဂိုလ်များသည် ၎င်းတို့၏ မိသားစုနှင့် ရပ်ဆွေရပ်မျိုး တို့၏ ပြုစုစောင့်ရှောက်မှု၊ ရိုသေလေးစားမှုကို ခံယူခွင့်ရှိသူများဖြစ်သည်။ အသက်အရွယ် မတူညီသောမျိုးဆက်များကြား အခါအားလျော်စွာ ဗဟု သုတနှင့် အတွေ့အကြုံများကို နှီးနှောဖလှယ်ကြ ရမည်။ သက်ရွယ်စုံညီ လူ့ဘောင်ဆီသို့ လှမ်းချီရာတွင် ကြီးသူ၊ ရွယ်တူ၊ ငယ်သူအားလုံး ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီဆိုသကဲ့သို့ တစ်ဦးနှင့်တစ်ဦး အပြန် အလှန် အကျိုးပြုကြလျက် အချင်းချင်းရိုင်းပင်း စောင့်ရှောက်ကြရမည်ဖြစ်သည်။

 

၎င်းတို့၏စွမ်းရည်နှင့် အခွင့်အလမ်းများကို ၎င်းတို့ ကိုယ်တိုင်ဖြည့်တင်းနိုင်ရေး (Self-Fulfillment)

 

“အသက်ကြီး” သူတိုင်းသည် “အရွယ်အို” နေသူများမဟုတ်ကြပေ။ သက်ကြီးပုဂ္ဂိုလ်များဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၎င်းတို့ကိုယ်တိုင်၏ အားထုတ်ကြိုးပမ်းဆောင်ရွက်မှုများ၌ အခွင့်အလမ်းများ လက်လှမ်းမီဖြစ်စေရန် အားပေးမြှင့်တင်ပေးရမည်။ ၎င်းတို့တွင် ငုပ်လျှိုးကျန်ရှိသေးသော စွမ်းရည်များကို ဖော်ထုတ်ပြသခွင့်ရရှိရန် လမ်းဖွင့်ပေးကြ ရမည်။ လူ့အသိုင်းအဝိုင်း၏ ပညာရေး၊ ယဉ်ကျေးမှု၊ အပန်းဖြေရေးနှင့် လောကုတ္တရာပိုင်းဆိုင်ရာ ကဏ္ဍများတွင် ကိုယ်တိုင်ကိုယ်ကျ ကိုယ့်အား ကိုယ်ကိုး ပါဝင်ဆောင်ရွက်မှုအဝဝကို အသိအမှတ် ပြု အားပေးကြရမည်ဖြစ်သည်။

 

ဂုဏ်သိက္ခာရှိရှိဖြင့် လုံခြုံမှုရှိစွာ ရပ်တည်ခွင့်ရရှိရေး (Dignity)

 

သက်ကြီးပုဂ္ဂိုလ်များသည် လူသားတိုင်း မရရှိနိုင်သော အသက်အရွယ်အားဖြင့်ကြီးခြင်းဟူသည့် “ဝယဝုဒ္ဓိဂုဏ်ရည်” ကို ပိုင်ဆိုင်သူများဖြစ်သည်။ မိမိနေအိမ်နှင့်ဝန်းကျင်တွင် သက်ကြီး ပုဂ္ဂိုလ်တစ်ဦး ရှိနေခြင်းသည် ကောင်းမြတ်သော မင်္ဂလာတစ်ပါးဖြစ်သည်။ မိသားစုအကျိုးကိုများစွာ မသယ်ပိုးနိုင်တော့ဘဲ ကျီးစောင့်ကြက်နှင့် မြေးထိန်း ရသည့်အမှုကို

 

ပြုနေကြရသည့်တိုင် ၎င်းတို့ဂုဏ်အင်သည် တလွင့်လွင့်မြင့်မားနေဆဲဖြစ်သည်။ ခေါင်းဖြူစွယ်ကျိုး၊ အိုနာကျိုးကန်း စသော အသုံးအနှုန်းများ ကို ရှောင်ကြဉ်ကြရမည်။ ၎င်းတို့၏ ပြုမူပြောဆို ဆက်ဆံမှုအပေါ် ခေတ်မမီသူများ၊ စပ်စုတတ်သူများ၊ ဝင်ရောက်စွက်ဖက်တတ်သူများဟူ၍ သဘော မထားဘဲ လိုက်လျောညီထွေ နေရာပေးဆက်ဆံမှု ပြုကြရပါမည်။ ကျန်ရှိနေသေးသော လူ့ဘဝ သက်တမ်းကာလ၌ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ညှိုးနွမ်းမှုမရှိဘဲ လုံခြုံနွေးထွေးစွာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နေထိုင်နိုင်သူများဖြစ်အောင်၊ ကျန်းမာ တက်ကြွသက်ကြီးဘဝ (Active and healthy aging) ကို ရရှိအောင် အားပေးမြှင့်တင်ကြရမည် ဖြစ်သည်။

 

မြန်မာ့သက်ကြီးပုဂ္ဂိုလ်များဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေး

 

“သက်ကြီးသူများ စောင့်ရှောက်ရေးအစ မြန်မာက” ဟု ဆိုရလောက်အောင် ကျေးဇူးတရား သိတတ်မှုနှင့် တာဝန်ဝတ္တရားကျေပွန်မှုကို အလေးထားတတ်သော မြန်မာတို့အဖို့ ရှေးမြန်မာမင်းများ လက်ထက်ကတည်းကစ၍ သားစဉ်မြေးဆက် ထမ်းရွက်ခဲ့သော သက်ကြီးပုဂ္ဂိုလ်စောင့်ရှောက်မှု သည် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာတစ်ရပ်ဖြစ်သည်။ မျက်မှောက်ခေတ်တွင်လည်း “သက်ကြီး ပုဂ္ဂိုလ်များဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်း” သည် နိုင်ငံတော်အစိုးရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနက ဆောင်ရွက် နေသော ပင်မလုပ်ငန်းကြီးတစ်ရပ်ဖြစ်သည်။

 

တစ်နိုင်ငံလုံးရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွားများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ လူမှုရေးပင်စင်ခံစားခွင့်ပြုခဲ့သည်။ နိုင်ငံတော်အစိုးရ အသိအမှတ်ပြု ဘိုးဘွားရိပ်သာ ၉၉ ခုကို နည်းပညာ နှင့် နှစ်စဉ်ငွေကြေးထောက်ပံ့မှုများ ဆောင်ရွက်ပေး သည်။ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသော သက်ကြီး သူများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၌ သက်ကြီး ရွယ်အိုများအတွက် ပြုစုစောင့်ရှောက်သူ (Caregiver) သင်တန်းကို ၂၀၁၅ ခုနှစ်မှ ယခုအချိန်အထိ သင်တန်းအမှတ်စဉ် (၁၅) ခု ဖွင့်လှစ်ခဲ့ပြီးဖြစ်ရာ သင်တန်းသား သင်တန်းသူ ၃၈၅ ဦး မွေးထုတ်ပေး နိုင်ခဲ့ပြီဟု သိရသည်။

 

သန်းခေါင်စာရင်းကောက်ရာတွင် သက်ကြီးပုဂ္ဂိုလ် စာရင်း မကြွင်းကျန်စေဖို့

 

ကုလသမဂ္ဂက ဦးဆောင်ရေးဆွဲနေသော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုအခွင့်အရေး စာချုပ်ထွက်ပေါ် မလာသေးသော်လည်း မြန်မာနိုင်ငံ ၌ သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ (၂၀၁၆) နှင့် နည်းဥပဒေများ (၂၀၂၂) တို့ကို ထုတ်ပြန်ပြဋ္ဌာန်းထား ပြီးဖြစ်သည်။ မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများ ကော်မတီနှင့် ဒေသဆိုင်ရာ ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းဆောင်ရွက်နေသည်။ အဆိုပါဥပဒေကို စေ့ငုကြည့်ရာတွင် သက်ကြီး ပုဂ္ဂိုလ်များ၏ အခွင့်အရေးများကို ဖော်ဆောင်ရာ၌ “သက်ကြီးရွယ်အို သက်သေခံ ကတ်ပြားထုတ်ပေးခြင်းနှင့် ကိုင်ဆောင် အသုံးပြုခြင်း” ဟူသောအခန်းကဏ္ဍမှာ အခရာဖြစ်နေ သည်ကို တွေ့ရမည်။ အဆိုပါလုပ်ငန်းသည် တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် စနစ်တကျ ဆောင်ရွက် ရမည့်လုပ်ငန်းကြီးဖြစ်၍ ကြီးမားကျယ်ပြန့် လှသည်။ သို့ရာတွင် တိုက်တိုက်ဆိုင်ဆိုင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ (အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့) တွင် စတင်ကောက်ယူမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ၏ရလဒ်များ ထွက်ပေါ်လာသည့်အခါ ရရှိလာမည့် သက်ကြီးပုဂ္ဂိုလ်စာရင်းကို အခြေခံ၍ ဆောင်ရွက်နိုင် မည်မှာမလွဲပေ။ သို့ဖြစ်၍ စာရင်းကောက်အဖွဲ့များ ရောက်ရှိလာသည့်အခါ မိမိ မိသားစုဝင် သက်ကြီး ပုဂ္ဂိုလ်စာရင်းကို ကြွင်းကျန်မှုမရှိအောင် ဖြေကြား ပေးရန် အားလုံးတွင် တာဝန်ရှိပါသည်။

 

စိတ်ပျိုကိုယ်နု ဇရာကို အန်တုနိုင်စေဖို့

 

မိသားစုအတွင်း၌ ကျွန်ုပ်တို့သည် သားသမီး နေရာတွင်ဖြစ်စေ၊ မိဘနေရာတွင်ဖြစ်စေ၊ ဘိုးဘွား နေရာတွင်ဖြစ်စေ ရောက်ရှိနေကြမည်သာဖြစ်သည်။ သားသမီးအရွယ်ဖြစ်ပါကများမကြာမီ မိဘအရာသို့ ရောက်ရှိပါတော့မည်။ မိဘနေရာတွင် ရောက်ရှိနေ သူဖြစ်ပါက မဝေးသောကာလတွင် ဘိုးအေဘွားအေ ဘဝကို မလွဲမသွေ ခံယူကြရမည်ဖြစ်ပါသည်။ အသက်အရွယ် မတူညီသော မိသားစုဝင်များကြား ညီညွတ်မျှတစွာ နေထိုင်ပြောဆိုဆွေးနွေးမှု၊ အပြန် အလှန်လေးစားမှု၊ အပြန်အလှန် ရိုင်းပင်းကူညီမှု၊ အပြန်အလှန် မေတ္တာထားမှု၊ ခွင့်လွှတ်စာနာ ထောက်ထားမှုများဖြင့် ခိုင်မြဲသောမိသားစုဘဝကို တည်ဆောက်ကြရပါမည်။ အသက် ၁၈ နှစ်မပြည့် သေးသူတို့အတွက် ကလေးသူငယ်အခွင့်အရေးများ ရှိသကဲ့သို့ အသက် ၆၀ နှစ်နှင့် အထက်ရှိသူတိုင်း တွင်လည်း သက်ကြီးပုဂ္ဂိုလ်အခွင့်အရေးများရှိကြ ပါသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့၏ ဘိုးဘွားမိဘများကို စိတ်ထောင်းကိုယ်ကြေ အိုဇာတာကံခေသူများ မဖြစ်စေဘဲ စိတ်ပျိုကိုယ်နု ဇရာကို အန်တုနိုင်သူများ ဖြစ်စေရန် အတတ်နိုင်ဆုံး အားပေးမြှင့်တင် ဖြည့်ဆည်းရေးမှာ မျိုးဆက်သစ်တိုင်း၏ တာဝန်ပင် ဖြစ်ပါသည်။