ပါမောက္ခဒေါက်တာနွယ်နွယ်၊ ပါမောက္ခ/ဌာနမှူး၊ နှလုံးဆေးကုဌာန၊ဆေးတက္ကသိုလ် (၁) ရန်ကုန်
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့သည် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ဖြစ်သည်။ ယခုနှစ် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့အတွက် ကမ္ဘာ့နှလုံးကျန်းမာရေး အဖွဲ့ချုပ်၏ဆောင်ပုဒ်မှာ “Use Heart for Action”ဖြစ်ပြီး မြန်မာဘာသာနှင့်ဆီလျော်စွာ “နှလုံးအစဉ်ကျန်းမာဖို့ သိဉာဏ်ဆင်ခြင်ဆောင်ရွက်စို့”ဟု ပြန်ဆိုထားပါသည်။
ကမ္ဘာ့နှလုံးကျန်းမာရေးအဖွဲ့သည် ကမ္ဘာတစ်ဝန်းရှိ လူမှုအဖွဲ့အစည်းပေါင်း ၂၀၀ ကျော်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ ၎င်း၏အဖွဲ့ဝင်နိုင်ငံများသည် နှလုံးကျန်းမာရေး အသိပညာဖြန့်ဝေခြင်းနှင့် ကောင်းမွန်သော ကျန်းမာရေးအလေ့အထများကို လုပ်ဆောင်ရန်တိုက်တွန်းခြင်းတို့ကို အလေး ထားဆောင်ရွက်လျက်ရှိပါသည်။
ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ ဖြစ်ပေါ်လာသည့် သမိုင်းကြောင်းကို လေ့လာကြည့်ရာ ၁၉၉၇ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ World Heart Federation (WHF) အဖွဲ့ကြီး၏ဥက္ကဋ္ဌ (President) အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သော Autoni Baye’s de Luna ၏ စိတ်ကူးစိတ်သန်းဖြင့် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ကို သတ်မှတ်၍ ကမ္ဘာ့လူသားများ၏ နှလုံးကျန်းမာရေးဆိုင်ရာ အသိပညာများကိုမြှင့်တင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရန်ရည်ရွယ်ပြီး ၁၉၉၉ ခုနှစ်တွင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO)နှင့် ကမ္ဘာ့နှလုံးကျန်းမာရေး အဖွဲ့ (World Heart Federation-WHF)တို့ ပူးပေါင်း ညှိနှိုင်း၍ နှစ်စဉ် စက်တင်ဘာလ၏ နောက်ဆုံး တနင်္ဂနွေနေ့ကို ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (World Heart Day)အဖြစ် စတင်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (World Heart Day)ကို ၁၉၉၉ ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိ နှစ်စဉ်စက်တင်ဘာလ၏ နောက်ဆုံးတနင်္ဂနွေနေ့တွင် ကျင်းပခဲ့ရာ ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် စက်တင်ဘာလ၏ နောက်ဆုံး တနင်္ဂနွေနေ့အစား စက်တင်ဘာလ ၂၉ ရက်နေ့ကို ကမ္ဘာ့နှလုံး ကျန်းမာရေးနေ့ (World Heart Day)အဖြစ် ပြောင်းလဲ၍ ကျင်းပလာခဲ့ခြင်းဖြစ်ကြောင်း လေ့လာ သိရှိရပါသည်။
နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (World Heart Day) အခမ်းအနားများကို စက်တင်ဘာလ ၂၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခြင်း၏ ရည်ရွယ်ချက်မှာ ပြည်သူလူထုအတွင်း နှလုံး သွေးကြော ရောဂါများနှင့်ပတ်သက်သော ကျန်းမာရေးဗဟုသုတများ တိုးပွားစေရန် နှလုံးသွေးကြော ရောဂါများဖြစ်ပွားမှုနှင့် သေဆုံးမှုများ လျော့နည်းကျဆင်းစေရန်အတွက် နှလုံးသွေးကြောရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်မည့် လူနေမှုဘဝပုံစံများဖြင့် နေထိုင်ကြစေရန်နှင့် တစ်ကမ္ဘာလုံးတွင် နှလုံးနှင့်သွေးကြောရောဂါများ၏ ပြည်သူ့ကျန်းမာရေးအပေါ် ကြီးမားသည့်ဝန်ထုပ်ဝန်ပိုးများရှိနေခြင်း တို့ကို သတိပြုစေရန်တို့အတွက် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။
ယခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (World Heart Day)ကိုလည်း ကမ္ဘာတစ်လွှားရှိ ရာကျော်သော ကမ္ဘာ့နှလုံးကျန်းမာရေးအဖွဲ့ဝင် အဖွဲ့အစည်းများ၊ တက္ကသိုလ်နှင့် ကျောင်းပေါင်းစုံအားကစားအသင်းများ၊ နှလုံးရောဂါအဖွဲ့အစည်းများမှ ဘာသာစကားမျိုးစုံ၊ လှုပ်ရှားမှု အသွင်သွင်ဖြင့် တက်ကြွစွာ ကျင်းပဆောင်ရွက်ကြမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေနှင့်လည်း ကမ္ဘာနှင့်တစ်လွှား နှလုံးကျန်းမာရေး လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။
နှလုံးနှင့်နှလုံးသွေးကြောရောဂါကြောင့် ကမ္ဘာတစ်ဝန်းတွင် အချိန်နှင့်အမျှ သေဆုံးမှုများပြားနေသည်ကို တွေ့ရှိရပါသည်။ နှလုံးသွေးကြောရောဂါ (ရုတ်တရက်နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်းနှင့် နှလုံးညှစ်အားကျဆင်းခြင်း)ကြောင့် နှစ်စဉ် လူဦးရေ ၂၀ ဒသမ ၅ သန်းခန့် သေဆုံးနေကြပါသည်။ သေဆုံးမှု အများစုမှာ ဝင်ငွေနည်းသောနိုင်ငံများနှင့် ဝင်ငွေအသင့်အတင့်ရှိသော နိုင်ငံများမှဖြစ်သည်။
ထိုသေဆုံးမှုနှုန်းကိုလျှော့ချရန်အတွက်-
ကျွန်ုပ်တို့ နေ့စဉ်စားသောက်နေထိုင်မှုပုံစံကို ကျန်းမာရေးနှင့်ညီညွတ်အောင် ပြောင်းလဲနေထိုင် စားသောက်ပါ၊
လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ၊
စိတ်ဖိစီးမှုကို လျှော့ချပါ၊
ထိုသို့ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ခြင်းဖြင့် နှလုံးသွေးကြောရောဂါကြောင့် အရွယ်မတိုင်မီ သေဆုံးခြင်း၏ ၈၀ ရာခိုင်နှုန်းကို ကာကွယ်နိုင်ပါသည်။
သင်သိပါသလား
သွေးတွင်းသကြားဓာတ် မြင့်တက်နေခြင်းသည် ဆီးချို၊ သွေးချိုရောဂါရှိနေကြောင်း ညွှန်းဆိုသည်။
ဆီးချို၊ သွေးချိုရောဂါရှိသူ အများစုသည် နှလုံး သွေးကြောရောဂါဖြင့် အသက်ဆုံးရှုံးကြရသည်။
ဆီးချို၊သွေးချိုရောဂါရှိနေမှန်းမသိခြင်း၊ ကောင်းမွန်စွာ ကုသမှုမခံယူခြင်းတို့ကြောင့် နှလုံးရောဂါနှင့် လေဖြတ်ခြင်း အန္တရာယ် ပိုမို မြင့်မားနိုင်ပါသည်။
အသိဉာဏ်ဖြင့်ဆင်ခြင်၍ သင့်တင့်သောအစားအစာ ကို ရွေးချယ်စားသုံးပါ။
အချိုဓာတ်များသော ဖျော်ရည်များနှင့် အသီးဖျော်ရည်များအစား ရိုးရိုးရေနှင့် အချိုဓာတ်နည်းသော ဖျော်ရည်များကို ရွေးချယ်ပါ၊
အချိုဓာတ်များသော သရေစာများအစား ကျန်းမာရေးအတွက် ပိုမိုသင့်တော်သည့် လတ်ဆတ်သော အသီးအနှံများကို ပြောင်းလဲ စားသုံးပါ၊
အသီးအနှံ (သို့မဟုတ်) ဟင်းသီးဟင်းရွက်များကို လက်တစ်ဆုပ်စာခန့် နေ့စဉ်စားသုံးပါ၊
လတ်ဆတ်သော အသီးအနှံ၊ အအေးခံထားသော အသီးအနှံများနှင့် အသီးအနှံစည်သွတ်ဘူးများ၊ အခြောက်ခံထားသော အသီးအနှံ၊ ဟင်းသီး ဟင်းရွက်များကို စားသုံးပါ၊
အရက်ကို အသင့်အတင့်ချင့်ချိန်၍ သောက်သုံးပါ၊ မသောက်သုံးခြင်းသည် ပို၍ကျန်းမာရေးနှင့် ညီညွတ်သည်၊
ဆားအငန်ဓာတ်၊ အချိုဓာတ်နှင့် အဆီများသော တာရှည်ခံစည်သွတ်အသားများကို လျှော့စားပါ၊ အသင့်စား အစားအသောက်များအစား လတ်ဆတ်သော အစားအစာများကို ချက်ပြုတ် စားသောက်ပါ၊
နှလုံးကျန်းမာရေးနှင့်ညီညွတ်သော ဟင်းချက်နည်းများကို လူမှုကွန်ရက်မီဒီယာတွင် ရှာဖွေ လေ့လာပါ။
နှလုံးနှင့် နှလုံးသွေးကြောရောဂါဖြစ်စေရန် အားပေးသည့်အချက်များ
သင်သိပါသလား
သွေးတိုးရောဂါသည် နှလုံးသွေးကြောရောဂါ ဖြစ်စေသော အဓိကအကြောင်းခြင်းရာဖြစ်သည်။ ရောဂါလက္ခဏာ မပြခြင်းကြောင့် သွေးတိုးရောဂါရှိနေကြောင်း သတိမထားမိဘဲဖြစ်နေနိုင်သည့်အတွက် “အသံတိတ် လူသတ်သမား” ဟု တင်စားနိုင်သည်။
အသိဉာဏ်ဖြင့်ဆင်ခြင်၍ ဆေးလိပ်နှင့်ဆေးရွက်ကြီး ရှောင်ကြဉ်ပါ၊
နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေသည် ဆေးလိပ် ဖြတ်ပြီး (၁)နှစ်အတွင်း သိသာစွာကျဆင်းပါသည်။
ဆေးလိပ်ဖြတ်ပြီး (၁၅)နှစ်အကြာတွင် ဆေးလိပ် မသောက်သုံးသူများနှင့် တန်းတူဖြစ်လာနိုင်ပါသည်။
တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်မိသောသူများတွင်လည်း နှလုံးရောဂါဖြစ်နိုင်ပါသည်။
ဆေးလိပ်ဖြတ်ခြင်း/ ဆေးလိပ်မသောက်ခြင်းသည် သင့်ကျန်းမာရေးအတွက်သာမက သင့်ပတ်ဝန်း ကျင်ရှိလူများ၏ ကျန်းမာရေးအတွက်ပါ အထောက်အကူဖြစ်စေပါသည်။
ဆေးလိပ်ဖြတ်ရန်ခက်ခဲနေပါက ကျွမ်းကျင်သော ဆရာဝန်/ ပညာရှင်များထံမှ အကြံဉာဏ်ကောင်း များရယူပါ။
E-စီးကရက်များနှင့် ဆေးလိပ်အစားထိုး နီကိုတင်းအငွေ့ရှူစက်များ (ဥပမာ-Vape) သည် အန္တရာယ်ကင်းသော ဆေးလိပ်အစားထိုးပစ္စည်း များ မဟုတ်ရုံမျှမက ပို၍ပင် နှလုံးသွေးကြော ရောဂါ ဖြစ်နိုင်ခြေအန္တရာယ်ရှိပါသည်။
သင်သိပါသလား
တစ်နှစ်လျှင် လူဦးရေ (၃.၆) သန်းခန့်သည် အဆီဓာတ် (ကိုလက်စထရော) များခြင်းကြောင့် အသက်ဆုံးရှုံးကြရသည်။
ကျန်းမာရေးဝန်ထမ်းများနှင့် ပြသတိုင်ပင်၍ သွေးတွင်းအဆီဓာတ်၊ ကိုယ်အလေးချိန်နှင့် ခန္ဓာကိုယ်၏ အညွှန်းကိန်း(BMI)တို့ကို တိုင်းတာ စစ်ဆေးပါ။
သင့်တွင် နှလုံးရောဂါရှိ/မရှိကို အကြံပြုဆွေးနွေးချက်များရယူပါ။ သင့်နှလုံးကျန်းမာရေးအတွက် ဆောင်ရွက်ရမည်များကို လိုက်နာဆောင်ရွက်ပါ။
အသိဉာဏ်ဖြင့်ဆင်ခြင်၍ လှုပ်ရှားတက်ကြွစွာနေထိုင်ပါ။
အသင့်အတင့်ပြင်းထန်သော လေ့ကျင့်ခန်းများကို တစ်ပတ်လျှင် မိနစ်(၁၅၀)မှ မိနစ်(၃၀၀)အထိ၊ ပြင်းထန်သော လေ့ကျင့်ခန်းများကို တစ်ပတ် လျှင်(၇၅)မိနစ်မှ မိနစ်(၁၅၀)အထိ ကြိုးစား လုပ်ဆောင်ပါ၊
ထိုထက်ပို၍ လေ့ကျင့်ခန်းပိုလုပ်နိုင်လေ ပိုကောင်းလေဖြစ်သည်။ ပို၍တက်ကြွစွာနေထိုင်ခြင်းသည် သင့်ကျန်းမာရေးကို ပို၍ကောင်းမွန် စေပြီး ကိုယ်လက်လှုပ်ရှားမှုနည်းသော လူနေမှု ပုံစံ၏ မကောင်းကျိုးများကို ရှောင်ရှားနိုင်ပါသည်၊
နေ့စဉ် တက်ကြွစွာလှုပ်ရှားပါ၊ ဓာတ်လှေကား အစား ရိုးရိုးလှေကားကို အသုံးပြုပါ၊ ကားစီးသွား မည့်အစား လမ်းလျှောက်ပါ၊ စက်ဘီးစီးပါ၊ ပြေးလွှားကစားပါ၊ အိမ်မှုကိစ္စများလုပ်ပါ၊ ကခုန်ပါ၊ နှစ်သက်ရာရွေးချယ်ပြုလုပ်ပါ၊
ခန္ဓာကိုယ်ရှိကြွက်သားများ သန်မာစေသည့် လေ့ကျင့်ခန်းများကို တစ်ပတ်လျှင် (၂)ရက်ခန့် လုပ်ဆောင်ပါ၊
ခြေလှမ်းမှတ်သော နာရီ/စက်ငယ်များကို အသုံး ပြုပြီး တိုးတက်မှုကို သုံးသပ်နိုင်ပါသည်၊
“သင်နှစ်ခြိုက်သော ကိုယ်လက်လှုပ်ရှားမှုပုံစံကို ရွေးချယ်ပါ။ သင်လုပ်ဆောင်နိုင်မည့် အနေအထားအတိုင်း ရည်မှန်းချက်ထား ဖြည်းဖြည်းလုပ်ဆောင်ပြီး တိုးတက်လာအောင် ကြိုးစားပါ။ လှုပ်ရှားတက်ကြွစွာနေထိုင်ရန် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများ လုပ်ရမည်ဟုမဆိုလိုပါ။ ခန္ဓာကိုယ်ကိုလှုပ်ရှားပေးပြီး လေ့ကျင့်ခန်းလုပ်၍ ပျော်ရွှင်လာစေခြင်းကို ရည်ရွယ်သည်။” “ကမ္ဘာ့နှလုံးကျန်းမာရေးနေ့တွင်” ကမ္ဘာတစ်ဝှမ်းရှိ ပြည်သူများအား နှလုံးကျန်းမာရေးသတိရှိစေရန်အတွက် အသိပညာပေးမျှဝေခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းကို ဆောင်ရွက်နိုင်ရန် နည်းလမ်းများ ချမှတ်ပေးရန် လိုအပ်ပါသည်။
ယခုနှစ်တွင် နိုင်ငံတစ်ဝှမ်း နှလုံးကျန်းမာရေးအတွက် အဓိကထားလိုက်နာလုပ်ဆောင်ရမည့် အချက်များကို တိုးမြှင့်ဆောင်ရွက်ရန် တိုက်တွန်း နှိုးဆော်ထားပါသည်။ ကျွန်ုပ်တို့၏ နှလုံးကျန်းမာရေးအတွက် မိမိ အသိဉာဏ်ဖြင့် နေ့စဉ်ပြုမူဆောင်ရွက်နေသည်များ ကို ကောင်းမွန်မှန်ကန်စွာ ရွေးချယ်ခြင်းဖြင့် အသက် ရှည်၍ ပိုပြီးကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင် နိုင်မည်ဖြစ်ပါသည်။
လူသားတိုင်း မိမိနှလုံးကျန်းမာရေးကို အသိဉာဏ်မြင့်မားစွာစောင့်ရှောက်နိုင်ကြပါစေ။
ကျမ်းကိုးစာရင်း
၁။ https://world-heart-federation.org
၂။ https://www.who.int/news-room/fact-sheets/detail/noncommunicable-diseases