ပိန်းဇလုပ်-သိန်းညွန့်
ဝဿန္တမိုးကာလသည် မိုးရေများနှင့်အတူ စိုပြည်စိမ်းလန်း အေးမြနေတတ်သည်။ လေအဝှေ့တွင် သဘာဝပတ်ဝန်းကျင်တစ်လွှား၌ မိုးရေများတဖြိုင်ဖြိုင် ရွာသွန်းတတ်သည်။ ထို့အတူ တောတောင်ရေမြေ အထပ်ထပ်၌ မိုးရေများသည် မြင့်ရာမှသည် နိမ့်ရာဆီသို့ ဦးတည်စီးဆင်း လျက်ရှိကြသည်။
ကျောက်လွှာကြီးများ ပေါ်ထွန်းဖြစ်တည်
အချို့သော မိုးရေများသည်ကား မြေလွှာအက်ကြောင်းများ (သို့မဟုတ်) တွင်းပေါက်များအတွင်း စီးဆင်း စိမ့်ဝင်သွားကြသည်။ အနှီမိုးရေများသည် မြေအောက်ပိုင်းရှိ ထုံးကျောက်လွှာများနှင့် ထိတွေ့ပေါင်းစပ်ကာ ကာဗွန်နိတ်များအဖြစ် ရေတွင်ပျော်ဝင်သွားကြတော့သည်။ ဤသို့ဖြင့် ကျောက်လွှာကြီးများ တဖြည်းဖြည်း ပေါ်ထွန်း ဖြစ်တည်လာခဲ့ပေသည်။ ထိုမှတစ်ဖန် ကျောက်ဂူ၊ လိုဏ်ခေါင်းကြီးများ ဖြစ်တည်လာခဲ့ရာမှ ထုံးကျောက်ဂူများအဖြစ် မြင်တွေ့လာရသည်။ ယခုအခါ ယင်းကျောက်ဂူများအတွင်း ကျောက်စက်ပန်းဆွဲ နှင့် ကျောက်စက်မိုးမျှော် စသည်တို့သည် သဘာဝဘူမိရုပ်သွင်အဖြစ် လှပဆန်းကြယ်စွာ မြင်တွေ့ကြရသည်။
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝ
မြန်မာ့မြေပြင်သည် ထုံးကျောက်ဂူ ဂေဟစနစ်များ ထူးခြား စွာဖြစ်တည်ကာ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသည့် နိုင်ငံ တစ်နိုင်ငံဖြစ်သည်နှင့်အညီ လေ့လာသုတေသနပြု ဖွယ်ရာ ဘူမိရုပ်သွင်ပြင်များကို တွေ့ရှိနိုင်မည် ဖြစ်သည်။ အထူးသဖြင့် ကချင် ပြည်နယ် ဧရာဝတီမြစ်ဖျား၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်၊ကယား ပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တစ်လွှား၌ ထုံးကျောက်လိုဏ်ဂူများကို လေ့လာ တွေ့ရှိရသည်။ ယင်းကဲ့သို့သော ထုံးကျောက်ဂူများအတွင်း၌ ဇီဝမျိုးစုံ မျိုးကွဲများစွာ နေထိုင်ကြသည့်အနက် လင်းနို့နှင့် တောက်တဲ့ သတ္တဝါ များ မြောက်မြားစွာ နေထိုင်ကျက်စားကြကြောင်း သိမှတ်ရသည်။
စိတ်ဝင်စားဖွယ် အခင်းအကျင်းများဖြစ်
ဘူမိပညာရှင်များ၏ လေ့လာစေ့ငုချက်များအရ သဘာဝ ထုံးကျောက်ဂူများသည် နှစ်ပရိစ္ဆေဒကြာမြင့်လာချိန်၌ ဘူမိ ရုပ်သွင်များအဖြစ် ဖြစ်တည်လာခဲ့ကြကြောင်း၊ ဘူမိဗေဒသာမက သတ္တဗေဒနှင့် ရုက္ခဗေဒ၊ ရှေးဟောင်းသုတေသနဆိုင်ရာ လေ့လာသုတေသနပြုရန်အတွက်လည်း စိတ်ဝင်စားဖွယ်ရာများဖြစ်ကြောင်း လေ့လာသိမှတ်ရသည်။
ခရီးသွားဧည့်သည်များအား ဆွဲဆောင်
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ဒေသရှိ ပိတ်ချင်းမြောင်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ပင်းတယဂူ၊ ပြဒါးလင်းဂူနှင့် ထန်ဆမ်းဂူ၊ ကရင်ပြည်နယ် ဘားအံဝန်းကျင်ရှိ သဘာဝထုံးကျောက်ဂူများသည် ခရီးသွားဧည့်သည်များအား ဆွဲဆောင်လျက်ရှိသည်။
သံလွင်မြစ်ကမ်းနံဘေး လင်းနို့ဂူ(ခေါ်) ဘားကပ်ဂူအတွင်း၌ မြောက်မြားစွာသော လင်းနို့သတ္တဝါများ အုပ်စုလိုက်ကျက်စားကြောင်း၊ ညနေပိုင်းအချိန်တွင် အတန်းလိုက်ပျံသန်းထွက်ခွာကြပြီး ပတ်ဝန်းကျင် တစ်လွှားရှိ ပိုးမွှားကောင်များကို ဖမ်းယူစားသောက်လေ့ရှိကြကာ နံနက်အစောပိုင်းတွင် ပြန်လာကြပြီး နေ့လယ်ပိုင်းတွင်မူ ဂူအတွင်းအောင်း ၍ နေထိုင်ကြကြောင်း တွေ့ရသည်။ ထို့ပြင် သဘာဝထုံးကျောက်ဂူ အတွင်း ဂေဟစနစ်နှင့်အတူ တောက်တဲ့များလည်း နေထိုင်ကျက်စား ကြကြောင်း မှတ်တမ်းများအရ သိရသည်။ သုတေသနပြုချက်များအရ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီ နှင့် မန္တလေးတိုင်းဒေသကြီးတို့၌ ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ မှတ်တမ်း ပြုခဲ့ရာတွင် တောက်တဲ့မျိုးစိတ်ပေါင်း ၄၀ ကျော် တွေ့ရှိခဲ့ရသည်ဆို၏။
တောက်တဲ့မျိုးစိတ်ပေါင်း ၁၈၀၀ ကျော်ရှိ
ကမ္ဘာတစ်ဝန်း တောက်တဲ့မျိုးစိတ်ပေါင်း ၁၈၀၀ ကျော်ရှိသည့်အနက် မြန်မာနိုင်ငံ၏ဂေဟစနစ်များအတွင်း၌ တောက်တဲ့မျိုးစိတ် ၇၀ ကျော်ရှိကြောင်း သိရသည်။ သို့ဖြစ်သည်နှင့်အညီ သဘာဝ ထုံးကျောက်တောင်များအား အလေးထားထိန်းသိမ်းကာကွယ်ထား ခြင်းမရှိပါမူ ယင်းတို့ကို အမှီသဟဲပြုနေထိုင်ကျက်စားကြသည့် ဇီဝမျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်သွားမည့် အန္တရာယ်ရှိလာနိုင်ပေသည်။ အချုပ်အားဖြင့်ဆိုသော် သစ်တောဦးစီးဌာန၏ ကြီးကြပ်မှု၊ အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့ (F.F.I)၊ ဒေသခံပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများပူးပေါင်း၍ ထုံးကျောက်တောင် ဂေဟစနစ်ထိန်းသိမ်းရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း သတင်း စကားပါးလိုက်ရပါသတည်း ။


