နေပြည်တော်၊ စက်တင်ဘာ ၃၀
နှစ် (၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ဆရာတော်၊ သံဃာတော်များအား အာရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံပါဠိ တက္ကသိုလ်ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိနှင့် ဆရာတော်သံဃာတော်များ ကြွရောက်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ ပြည်ထဲရေး ဝန်ကြီးဌာန တပ်ဖွဲ့ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယရဲချုပ်များ၊ ရဲအရာရှိကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ်များက ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံပါဠိ တက္ကသိုလ် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော် သံဃာတော်များ ချီးမြှင့်အပ်သော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ်များက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ အနုမောဒနာ တရားနာကြား၍ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး ဆရာတော်၊ သံဃာတော်များအား အာရုဏ်ဆွမ်း ဆပ်ကပ် လှူဒါန်းကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် ပျဉ်းမနား-တောင်ညိုလမ်းဘေးရှိ အမှတ် (၃) မင်္ဂလာကန်တော်၌ ကျင်းပပြုလုပ်သည့် နှစ် (၆၀) ပြည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မင်္ဂလာကန်တော်အတွင်းသို့ ငါးမြစ်ချင်းငါးမျိုးစိတ် ငါးသားပေါက်ကောင်ရေ ၁၀၀၀၀ ကို ဇီဝိတ ဒါနအဖြစ် လွှတ်ပေးကြသည်။
ထို့အတူ နှစ် (၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်၌ စေတီတော်မြတ်ကြီးအား ရွှေစင်ရွှေပြား ၁ ကျပ်သား ဆပ်ကပ်လှူဒါန်းနိုင်ရန် အတွက် အလှူတော်ငွေ ၂,၈၄၇,၀၀၀ ကျပ်နှင့် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ “ကရုဏာကမ္ဘာ” ဘိုးဘွားရိပ်သာသို့ အလှူငွေ ၁,၁၀၀,၀၀၀ ကျပ်တို့ကို လှူဒါန်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


