နေပြည်တော်၊ စက်တင်ဘာ ၃၀
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိရာ မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်းအမှတ်စဉ် (၆/၂၀၂၄) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၊ တိုးချဲ့ ရုံးအဆောက်အဦ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် အသုံးပြုရန် စီစဉ်ဆောင်ရွက်ရခြင်းမှာ မဲမသမာမှုမဖြစ်စေရန် မဲပေးသည့်စနစ်များကို MEVM စက်အပါအဝင် ကွန်ပျူတာ Software များဖြင့် ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်ပွားရခြင်းကို လေ့လာသုံးသပ်ပါက မဲစာရင်းများဖောင်းပွခြင်း၊ မဲလက်မှတ်များ ပိုမိုရိုက်နှိပ်ဖြန့်ဝေခြင်းနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု မဲရုံများတွင် ဥပဒေနှင့်မညီသော မဲပေးခြင်း စသည့်အချက် ၃ ချက်ကို တွေ့ရှိရကြောင်း၊ ကော်မရှင်အနေဖြင့် တွေ့ရှိချက်များကို လေ့လာသုံးသပ်ပြီး မဲစာရင်းပြုစုရာတွင် Admin DEO Software များဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စု မဲရုံများအလိုက်ပြုစုပြီး CVLMS Software ဖြင့် ဥပဒေနှင့်မညီညွတ်သူများ၊ မဲစာရင်းတွင် ၂ ကြိမ်၊ ၃ ကြိမ်ပါဝင်သူများ မပါရှိစေရေး စိစစ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ MEVM စက်အသုံးပြု၍ မဲပေးခြင်းဖြင့် မဲလက်မှတ်များ ရိုက်နှိပ်ဖြန့်ဝေခြင်း မရှိတော့သည့်အတွက် မဲမသမာမှုများ မဖြစ်နိုင်ကြောင်း၊ သို့ဖြစ်၍ ထိုစနစ် ၂ ခုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်စုမဲရုံများတွင် ဥပဒေနှင့် မညီညွတ်သောမဲပေးမှုများ မဖြစ်ပွားစေရေးအတွက် အားနည်းခဲ့သည့် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
သင်တန်းတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တည်ဆောက်ပုံနည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက် တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အား ပြန်လည်ထုပ်ပိုးသိမ်းဆည်းပုံတို့ကို လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ သင်ကြားပြသပေးမည်ဖြစ်သည်။
သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီး တာဝန်ခံ ဦးသန်းအောင်ကျော် ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူများနှင့် မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ သင်တန်းသား ၃၂ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကို စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


