နေပြည်တော်၊ စက်တင်ဘာ ၃၀
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းများက နေပြည်တော် ပျဉ်းမနားမြို့ မင်္ဂလာဗျုဟာ သာသနာ့ဗိမ္မာန်ရှိ ရေဘေးဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက အဆိုပါ သာသနာ့ဗိမ္မာန်၌ ကျင်းပရာ ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ပြည်သူများ၏ ကြုံတွေ့နေရသော အခက်အခဲများကို သိရှိပြီး လိုအပ်သည့်ကူညီဖြည့်ဆည်းမှုများကို ဆောင်ရွက်ပေးနိုင်ရန် လာရောက် တွေ့ဆုံအားပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး ရေဘေးဒဏ်သင့် ပြည်သူများအတွက် ဆန်၊ ဆီနှင့် ရေသန့်များ ထောက်ပံ့လှူဒါန်းရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက လက်ခံရယူ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်က ရေဘေးသင့်ပြည်သူများ ယာယီရေဘေးရှောင်စခန်း၌ စားသောက်နေထိုင်မှု၊ သောက်ရေ ရရှိရန်ဆောင်ရွက်ထားရှိမှုနှင့် ကျောင်းနေအရွယ်ကလေးများ အမြန်ဆုံး ကျောင်းပြန်တက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယနေ့အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းများက စေတနာထက်သန်စွာဖြင့် အိမ်ထောင်စု (၁၃၀) အတွက် ဆန်၊ ဆီနှင့် ရေသန့်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်


