နေပြည်တော် စက်တင်ဘာ ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် မြို့နယ်အလိုက် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဝင်များ၊ ခရိုင်နှင့် မြို့နယ်သန်းခေါင်စာရင်း ကော်မတီဝင်များနှင့် တာဝန်ရှိသူများ၊ စာရင်းစစ်၊ စာရင်းကောက်များအဖြစ် တာဝန် ထမ်းဆောင်ကြမယ့် ဆရာ၊ ဆရာမများ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နိုင်ငံတစ်နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး ကိစ္စရပ်များကို ကဏ္ဍအလိုက် အချိုးညီညီ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒချမှတ်ခြင်းများ၊ စီမံကိန်းရေးဆွဲ အကောင်အထည်ဖေါ်ခြင်းများ စသည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံ အဖြစ်အသုံးပြုရသည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို သန်းခေါင်စာရင်းမှသာ ရရှိနိုင်မည်ဖြစ်ကြောင်း၊ နေပြည်တော်တွင် သန်းခေါင်စာရင်း ကောက်ယူရန်အတွက် တိုင်းအဆင့် သင်တန်း၊ ခရိုင်အဆင့်သင်တန်းများ၊ မြို့နယ် အဆင့်သင်တန်းများဖြင့် စာရင်းစစ်၊ စာရင်းကောက် ၁၃၃၆ ဦးကို ဆင့်ပွားသင်တန်းများ ဖွင့်လှစ်ပို့ချခဲ့ပြီးဖြစ်ကြောင်း၊ စာရင်းစစ်၊ စာရင်းကောက်များ အနေဖြင့် သင်တန်းကာလပြီးမြောက် ခဲ့ပြီဖြစ်သည့်အတွက် သန်းခေါင်စာရင်း မေးခွန်းတွင်ပါဝင် သည့် အကြောင်းအရာများ၊ သန်းခေါင် စာရင်းဆိုင်ရာ အသိပညာဗဟုသုတများကို မိမိတို့၏ လုပ်ငန်း အတွေ့အကြုံများနှင့် ပေါင်းစပ်ပြီး စာရင်းကောက်ယူရာတွင် အချက်အလက်များ မှန်မှန်ကန်ကန် ရရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားပြီး စာရင်းစစ်၊ စာရင်းကောက်များအဖြစ် တာဝန်ထမ်းဆောင်ကြမယ့် ဆရာ၊ ဆရာမများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း များကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပုဗ္ဗသီရိမြို့နယ် ဥယျာဉ်ကျေးရွာအုပ်စု ဆင်တဲကြီးကျေးရွာတွင် ရေကြီးရေလျှံမှုကြောင့် နေအိမ်များမျောပါပျက်စီးထိခိုက်မှု အခြေအနေ များနှင့် ကျေးရွာအတွင်း နုန်းများ၊ အမှိုက်များ၊ သစ်တုံးသစ်ကိုင်းများ တင်ကျန်နေမှု အခြေအနေ များကို လည်းကောင်း၊ အေးမြင့်သာယာကျေးရွာအုပ်စု ဝက်ကုန်းကျေးရွာတွင် ရေကြီးရေလျှံမှု ကြောင့် နေအိမ်များမျောပါ ပျက်စီးထိခိုက်မှုအခြေအနေကို လည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်


