နေပြည်တော် ၄ မတ်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဖောင်းပြင် မဲဆန္ဒနယ်မှ ဦးထွန်းဝေ၏မူးယစ်တရားခံတစ်ဦးကို ဖမ်းဆီးမိသောအခါ ကွင်းဆက်တရားခံကို ချက်ချင်းဖော်ထုတ်၍ ဖမ်းဆီးရေးအဖွဲ့ အချင်းချင်း ဆက်သွယ်ဖမ်းဆီးနိုင်ရေးကို မြန်မာတစ်နိုင်ငံလုံးသို့ တစ်ပြေးညီ ညွှန်ကြားချက် ထုတ်ပြန်ပေးနိုင်ရေးနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ် ချုပ်အောင်သူက မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ခြင်းသည် လျှို့ဝှက်စွာ လုပ်ဆောင်သည့် လုပ်ငန်းဖြစ်ခြင်း၊ စနစ်တကျ ဂိုဏ်းဖွဲ့၍ ကျူးလွန်သည့်လုပ်ငန်း ဖြစ်ခြင်းကြောင့် ကွင်းဆက်စစ်ဆေးဖော်ထုတ်သည့်အခါ အချိန်တိုအတွင်း ဖော်ထုတ် နိုင်မှုများရှိသကဲ့သို့ သတင်းစုံစမ်းရခြင်း၊ စောင့်ကြည့်ရခြင်း၊ အတည်ပြုရခြင်းတို့ ဆောင် ရွက်ပြီးမှသာ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းများလည်း ရှိပါကြောင်း၊ ထို့အပြင် ကွင်းဆက် တရားခံများအား ဥပဒေနှင့်အညီ တရားစွဲတင်နိုင်ရေး၊ ထိုက်သင့်သည် ပြစ်ဒဏ်ရရှိရေး တို့အတွက် လိုအပ်သည့်သက်သေအထောက်အထားများ ရရှိရေးကိုလည်း ဆောင်ရွက် ရပါကြောင်း။
တည်ဆဲဥပဒေ ပြဋ္ဌာန်းချက်များတွင် ကွင်းဆက်တရားခံများကို ပြစ်မှုကျူးလွန် သည့် တရားခံများကဲ့သို့ အပြစ်ပေးအရေးယူရန်သတ်မှတ်ပြဋ္ဌာန်းထားရှိခြင်းကြောင့် သော်လည်းကောင်း၊ ပြဋ္ဌာန်းချက်နှင့်အညီ ကွင်းဆက်တရားခံများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ဖမ်းဆီးဖော်ထုတ်လျက်ရှိသည့်အပြင် နိုင်ငံတကာနှင့်လည်း အချိန် နှင့်တပြေးညီ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်လျက်ရှိခြင်းတို့ကြောင့် ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး သီးခြားညွှန်ကြားချက်ထုတ်ပြန်ရန် မလိုအပ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။
ချောက် မဲဆန္ဒနယ်မှ ဦးဘိုကြီး၏ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်တွင် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် ဒေသတွင်းစိမ်း လန်းစိုပြေမှုကို အထောက်အကူဖြစ်စေရန်အတွက် ရွှေပုံတောင် စိမ်းလန်စိုပြေရေးဧရိ ယာ အပြင်စည်းနယ်မြေရှိ ယခင်အုတ်ရေကန်များအား ပြုပြင်ခြင်း၊ အုတ်ရေကန်သစ် များ ထပ်မံတည်ဆောက်ခြင်း၊ ရေပိုက်လိုင်းများ ပြန်လည်သွယ်တန်း၍ မြစ်ရေတင် စနစ် ဖြင့် ရေလောင်းစိုက်ပျိုးပြုစု ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွားရန်နှင့် ကုန်ကျစရိတ်များသော်လည်း ရှင်သန်ဖြစ်ထွန်းမှုကောင်းသည့် သက်တမ်းရင့် ပျိုးပင် ကြီးများဖြင့် အရေအတွက်များများ စိုက်ပျိုးသွားရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ရွှေပုံတောင်ဒေသသည် ချောက်ရေနံမြေ ဧရိယာဖြစ်ပြီး ၂၀ဝ၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ၁၀ နှစ်အတွင်း နှစ်စဉ်ပျမ်းမျှ မိုးရွာရက် ၄၀ ရက်ကျော်နှင့် မိုးရေချိန် ၂၂ ဒသမ ၉၈ လက်မ၊ ၂၀၁၈ ခုနှစ်တွင် မိုးရွာရက် ၄၄ ရက် ပျမ်းမျှမိုးရေချိန် ၂၆ ဒသမ ၃၇ လက်မ ရွာသွန်းပြီး၊ ပျမ်းမျှအမြင့်ဆုံး အပူချိန် ၄၁ ဒီဂရီ စင်တီဂရိတ် အနိမ့်ဆုံး အပူချိန် ၁၉ ဒီဂရီ စင်တီဂရိတ် ရှိသဖြင့် နွေရာသီနှင့် မိုးပြတ် ကာလများတွင် စိုက်ပျိုးပင် များအား ရေလောင်းပြုစုရန် လိုအပ်လျက်ရှိ ပါကြောင်း။
အပြင်စည်းနယ်မြေ၌ ရေလောင်းစိုက်ပျိုးပြုစုထိန်းသိမ်းရန်အတွက် ရေဂါလန် ၃၀ဝ၀ ဆံ့ အုတ်ရေကန်များ ပြန်လည်ပြုပြင်ခြင်း၊ ရေဂါလန် ၅၀ဝ၀ ဆံ့ အုတ်ရေကန် အသစ် ၁ လုံး ထပ်မံတည်ဆောက်ခြင်းနှင့် ရေပိုက်လိုင်းများ ပြန်လည် သွယ်တန်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွားရန်အတွက် ကွင်းဆင်းတိုင်းတာခြင်းလုပ်ငန်းများ ဆောင် ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ပင်မနှင့် အတွင်းစည်းနယ်မြေ B3 ကုန်းရှိ အုတ်ရေကန်များမှ အပြင်စည်းနယ်မြေရှိ အုတ်ရေကန်များသို့ ပေပေါင်း ၂၀၂၃၅ ပေရှိ အကွာအဝေးကို ရေပိုက်လိုင်းများ သွယ်တန်း၍ အလယ်နေရာတွင် အမြင့်တင် ရေပန့်တစ်လုံးဖြင့် ထပ်ဆင့်တွန်း တင်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အုတ်ရေကန် ၃လုံး ပြုပြင်ခြင်း၊ အုတ်ရေကန် အသစ် ၁ လုံး တည်ဆောက်ခြင်း၊ ရေပိုက်လိုင်းများ သွယ်တန်းခြင်း၊ ရေပန့်မော်တာနှင့် 200 KVA ထရန်စဖော်မာ ၁ လုံး တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်မည့် ရန်ပုံငွေ ငွေကျပ် ၉၆ ဒသမ ၉၂ သန်း ခွင့်ပြု ပေးပါရန် တင်ပြတောင်းခံသွားမည် ဖြစ်ပါကြောင်း။
ရေတင်ရေလောင်းလုပ်ငန်းအတွက် ရန်ပုံငွေခွင့်ပြုမိန့်ရရှိခဲ့ပါက အပြင်စည်း နယ်မြေ၌ ကျန်ရှိသည့် မြေဧရိယာ ၂၁၈ ဒသမ ၃ ဧကတွင် တစ်နှစ်လျှင် အပင် ၂၀ဝ၀ဝ နှုန်းဖြင့် ၅နှစ်အတွင်း အပင်ပေါင်း ၁၀ဝ၀ဝ၀ ကို ရေပိုက်လိုင်းများ သွယ်တန်း ၍ရေလောင်းပြုစု ထိန်းသိမ်းစိုက်ပျိုးသွားရန်စီစဉ်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ သန်လျင် မဲဆန္ဒနယ်မှ ဦးလွင်ကိုလတ်၊ တောင်ကုတ် မဲဆန္ဒနယ် မှ ဒေါ်နီနီမေမြင့်၊ ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်းနှင့် ကနီ မဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်တို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးများဖြစ်သည့် ဗိုလ်ချုပ် အောင်သူနှင့် ဒေါက်တာရဲမြင့်ဆွေတို့က ရှင်းလင်းဖြေကြားကြသည်။
ထို့နောက် ဝေါ မဲဆန္ဒနယ်မှ ဦးတင်ထွေးက မြို့ပြများတွင် တရားဥပဒေစိုးမိုးပြီး ပြည်သူလူထု၏ လူနေမှုဘဝ လုံခြုံမှုရှိစေရန် ရာဇဝတ်မှုများ ဖြစ်ပေါ်နေမှုကို ကာကွယ် တားဆီးနိုင်ရန်အတွက် ဦးစားပေးအဆင့်ဖြင့် ဆောင်ရွက်ပေးနိုင်ပါရန်နိုင်ငံတော် အစိုးရ သို့ တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာတွင် ပြည်သူလူထု၏ နေထိုင်သွားလာမှု ဘဝသည် လုံခြုံစိတ်ချရမှုမရှိသည့် အခြေအနေကဲ့သို့ ဖြစ်လာနေပါကြောင်း၊ နိုင်ငံ၏ အတိတ်ကာလတစ်လျှောက်လုံးတွင် မြို့ပြနှင့် ကျေးလက်နေပြည်သူလူထု၏ လူနေမှု ဘဝလုံခြုံမှု ကိစ္စအဝ၀ကို ရဲတပ်ဖွဲ့ဝင်များကသာ အနီးကပ်တာဝန်ယူကြရပါကြောင်း။
လူနေထူထပ်သည့် မြို့ပြများတွင် နေထိုင်ကြသည့် ပြည်သူလူထုအတွင်း ရာဇဝတ်မှုများ ပပျောက်ရန် လက်ရှိမြို့ရွာလုံခြုံရေးကို တာဝန်ယူနေကြသည့် ရဲတပ်ဖွဲ့ အင်အားကို တိုးချဲ့ဖွဲ့စည်းဆောင်ရွက်နိုင်သကဲ့သို့ ရဲတပ်ရင်းတွင်ရှိသည့် ရဲအများစု ကိုလည်း သက်ဆိုင်ရာ ရဲစခန်းများကို မျှဝေပေးနိုင်သည့် အဆင့်လည်း ရှိပါကြောင်း၊ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ မူရင်းအချက်များကို ကြည့်၍ စီမံဆောင်ရွက် နိုင်သည့် စနစ်လည်း ရှိပါကြောင်း၊ စီမံဆောင်ရွက်နိုင်မည်ဆိုပါက ဒီမိုကရေစီ ကူးပြောင်းရေးကာလသည်လည်း အနှေးနှင့်အမြန် လိုချင်သည့် ပန်းတိုင်ကို ပြည်သူများ ခံစားရမည်ဖြစ်ပါကြောင်း၊
မြို့ပြများတွင် တရားဥပဒေစိုးမိုးပြီး လူနေမှုဘဝလုံခြုံမှုရှိစေရန် ရာဇဝတ်မှုများ ဖြစ်ပေါ်နေမှုကို ကာကွယ်တားဆီးနိုင်ရေးအတွက် ဦးစားပေးအဆင့်အဖြစ် စီစဉ် ဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော်အစိုးရအား လေးစားစွာဖြင့် တိုက်တွန်းပါကြောင်းနှင့် လွှတ်တော်မှ အကြုံပြု ဆွေးနွေးနိုင်ပါရန် အဆိုတင်သွင်းအပ်ပါကြောင်း ရှင်းလင်း တင်ပြသည်။
ယင်းနောက် အဆိုအား လက်ခံဆွေးနွေးနိုင်ရန်အတွက် ကံမ မဲဆန္ဒနယ်မှ ဦးစိန် ဟန်က ထောက်ခံတင်ပြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယင်းအဆိုနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလို သည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်မှ ပြင်ဆင် ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ရာဇသတ်ကြီးကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းအစီရင်ခံစာတင်ပြချက်အတိုင်း ပြင်ဆင်ချက် ဖြင့် အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့် အတွက် ပြင်ဆင်ချက်ဖြင့် သဘောတူကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၁)ရက်ကို မတ် ၆ ရက်တွင် ဆက်လက်ကျင်းမည်ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်(သတင်းစဉ်)
