နေပြည်တော် အောက်တိုဘာ ၁
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့် တာဝန်ရှိသူများသည် ယမန်နေ့က ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှုနှင့် မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်း အဆောက်အအုံများ လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဒုတိယဝန်ကြီးသည် ပုဂံကမ္ဘာ့အမွေအနှစ် ဒေသအတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် ဧရိယာ အလိုက် ဆောင်ရွက်လျက်ရှိသော ဧရိယာ- C အတွင်းရှိ ခြုံနွယ်ပိတ်ပေါင်း များ ရှင်းလင်းခြင်း၊ ကန္တာရပင်မှ သစ်ငုတ်များ တူးထုတ်ခြင်း လုပ်ငန်းများကို လူအင်အား၊ စက်ယန္တရားငယ်များဖြင့် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရှေးဟောင်းအဆောက်အအုံများ ထိခိုက်ပျက်စီးမှုမရှိစေရေးနှင့် လုပ်သားများ ဘေးအန္တရာယ် ကင်းရှင်းစေရေး ဂရုပြုဆောင်ရွက်ရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်ဒေသ အမြဲသန့်ရှင်း သပ်ရပ်မှုရှိစေရေး တာဝန်ရှိသူများ၊ အသင်းအဖွဲ့များ၊ ဒေသခံများနှင့်ပူးပေါင်း၍ အလေးထား ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်း အဆောက်အအုံ အမှတ်-၁၈၁၂ (ထီးလိုမင်းလိုဘုရား) မြောက်ဘက် မဟာရံတံတိုင်း ချင်မိတ်တိုးနှင့် အရှေ့ဘက်အာရုံခံတောင်ဘက် မုခ်ကပ် အနည်းငယ်ပဲ့ကျခြင်း၊ ရှေးဟောင်းအဆောက်အအုံ အမှတ်-၁၀၄၂ (ဆင်ကအုတ်တိုက်) တောင်ဘက်နံရံနှင့် ပေါင်းကူးအမိုးပြိုကျမှုကို သွားရောက်ကြည့်ရှုပြီး ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းမှု ဆောင်ရွက်ရေး၊ ရှေးဟောင်းအမွေအနှစ်လက်ရာများ ထိခိုက်မှုမရှိစေရေးနှင့် ရေရှည်ကြံ့ခိုင်စေရေး ဆောင်ရွက်သွားရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရှေးဟောင်းအဆောက်အအုံအမှတ်-၁၁၉၂ (နဂါးရုံဘုရား) အနောက်ဘက် တံတိုင်းအောက်ခြေခုံပဲ့ကျခြင်းနှင့် ရှေးဟောင်းအဆောက် အအုံအမှတ်-၁၆၇ (ဓမ္မစေတီ)၏ ပစ္စယာအောက်ပိုင်းပဲ့ကျခြင်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ပျက်စီးမှုအခြေအနေများနှင့် ပြန်လည်ပြုပြင်ထိန်း သိမ်းဆောင်ရွက်မည့် အစီအစဉ်တို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ပြုပြင် ထိန်းသိမ်းရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း Guideline များနှင့်အညီ စနစ်တကျ ဆောင်ရွက် ရန်မှာကြားခဲ့ပြီး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။


