နေပြည်တော် အောက်တိုဘာ ၁
ရေဝပ်ဒေသ ထိန်းသိမ်းစီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် ရေဝပ်ဒေသ ထိန်းသိမ်းစီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူက မြန်မာနိုင်ငံ သည် ၂၀၀၅ ခုနှစ်တွင် ရမ်ဆာကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ရမ်ဆာရေဝပ်ဒေသ (၇) ခုကို သတ်မှတ် ထားပြီးဖြစ်ကြောင်း၊ အမျိုးသားအဆင့်ကော်မတီ ဖွဲ့စည်းထားပြီး အမျိုးသားရေဝပ်ဒေသမူဝါဒနှင့် မဟာ ဗျူဟာလုပ်ငန်းများကို ထုတ်ပြန်ထားရှိပါကြောင်း၊ ရမ်ဆာကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များ အကောင် အထည်ဖော်ရန် ရေဝပ်ဒေသ ထိန်းသိမ်းစီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသားအဆင့် ကော်မတီကို သက် ဆိုင်ရာဌာနများ ပေါင်းစပ်ဖော်ဆောင်မှု ပိုမိုအားကောင်းစေရန် ၂၀၂၂ ခုနှစ်တွင် ပြင်ဆင်ဖွဲ့စည်းပြီး ဖြစ်ကြောင်းနှင့် ယခုနှစ်အတွင်း ရမ်ဆာကွန်ဗင်းရှင်းသို့ တင်သွင်းမည့် နိုင်ငံအဆင့် အစီရင်ခံစာ ပြင်ဆင် ထားရှိမှုအပေါ် ကဏ္ဍအလိုက် လိုအပ်ချက်များ ဖြည့်စွက်ခြင်း၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ချမှတ်ခြင်းကို အကြံပြုဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ကော်မတီ၏လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် နိုင်ငံအဆင့် အစီရင်ခံစာ ပြုစုထားရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြ သူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


