မြစ်ကြီးနား      အောက်တိုဘာ ၁

 

မြစ်ကြီးနားမြို့၌ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့တွင် ကျင်းပပြုလုပ်သော သက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ် အခမ်းအနား၊ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ပြီး ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု သည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်တို့နှင့်အတူ မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်အတွင်းရှိ အံတော်ရှင်တောင်တန်း သာသနာပြုကျောင်းတိုက်၌ ကျင်းပပြုသည့် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်သည်။

 

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ဂုဏ်ပြုစကားပြောကြားပြီး အခမ်းအနား တက်ရောက် လာကြသည့် ဘိုး/ဘွားနှစ်ဦးစီအား ဂါဝရပြုဂုဏ်ပြုလက်ဆောင်များနှင့် ဂုဏ်ပြုငွေများကို ပေးအပ်သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီး များနှင့် ၎င်းတို့၏ ဇနီးများက အသက် (၈၀)နှစ်နှင့် အထက် ဘိုး/ ဘွား (၅၀)တို့ကို ဂါဝရပြုဂုဏ်ပြုလက် ဆောင်များနှင့် ငွေသား(၁)သိန်းစီကို ဂါဝရပြုပေးအပ်ကြရာ အဘိုးတစ်ဦးက ကျေးဇူးတင်ဆုတောင်းစကား ပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်သည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားပြီး ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးက နှစ်(၆၀)ပြည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်ဇော်မိုးထံမှ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြား၍ ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ရဲဗလဆုရ တပ်ဖွဲ့ဝင်များနှင့် ဆုရ တပ်ဖွဲ့ဝင်များကို ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ကြကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ဗီဒီယိုကလစ် ဖွင့်လှစ်ပြသမှုကို ကြည့်ရှုအားပေးကြပြီး ပြည်နယ်ရဲတပ်ဖွဲ့မှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ထံ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဂါရဝပြုလက်ဆောင်ပေးအပ်သည်။

 

ဆက်လက်၍ အခမ်းအနားတက်ရောက်လာကြသူများက နှစ်(၆၀)ပြည့် မြန်မာရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် တပ်ဖွဲ့ဝင်များ၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ကင်းစင်ရေး အသိပညာပေးပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

 

ထို့နောက် စီတာပူ (နောင်ရာ)ရပ်ကွက်အတွင်းရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၏ နေအိမ်၌ ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/  မြို့နယ် သန်းခေါင်စာရင်း ကော်မတီအဖွဲ့ဝင်များ၊ အထောက်အကူပြုအဖွဲ့ဝင်များ၊ စာရင်းကောက်အဖွဲ့များ၏ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအချက်အလက်များကို Mobile Tablet ဖြင့် မေးမြန်း ကောက်ယူဖြည့်စွက်ခြင်းကို ဆောင်ရွက်သည်။

 

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်၊ နယ်မြေ(၁၂)အတွင်းရှိ ရွေးနုတ်ကယ်တင်ခြင်း အသင်းတော်ဝင်းအတွင်း ယာယီခိုလှုံနေထိုင်လျက်ရှိသော ပြည်သူများအား သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအား ပေးကြသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့်အဖွဲ့သည် အဆိုပါစခန်းအတွင်း မိသားစုများ နေထိုင်စားသောက်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုကာ ထိခိုက်ဒဏ်ရာရသည့် မိသားစုဝင်နှင့် မသန်စွမ်း မိသားစုဝင်များအား ထောက်ပံ့ငွေများ  ထောက်ပံ့ပေးအပ်ကြသည်။

 

ထို့မှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် စီတာပူရပ်ကွက်အတွင်းရှိ မြန်မာနိုင်ငံဖိလဒေလဖိ (ပင်တေကုတ္တေ) အသင်းတော် ဘုရားကျောင်းဝင်းအတွင်း ယာယီခိုလှုံနေထိုင် လျက်ရှိသော မိသားစုများအား သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှုအားပေးကြပြီး သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့ဝင်များနှင့် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးသည်။

 

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်ပြီး အလှူရှင်(၇)ဦးတို့၏ စုစုပေါင်း အလှူငွေကျပ် သိန်း (၂၂၀၀)လှူဒါန်းမှုကို လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)