ပုသိမ် အောက်တိုဘာ ၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပုသိမ်မြို့ပေါ်နှင့် ကန်ကြီးထောင့်မြို့နယ်တို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့််အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုအားပေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့််အဖွဲ့သည် ပုသိမ်မြို့ အမှတ်(၂)ရပ်ကွက်တွင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များ၊ အထောက်အကူပြုအဖွဲ့များဖြစ်သည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့နှင့် တိုင်းရင်းသား ဘာသာရပ်သင်ဆရာ၊ ဆရာမများက သန်းခေါင်စာရင်း ကောက်ယူနေမှုများကိုကြည့်ရှု အားပေးပြီး အချက် အလက်များမှန် ကန်စွာရေးသွင်းစေရေး၊ ပြည်သူများကလည်း မေးမြန်းချက်များအား ပြည့်စုံမှန်ကန်စွာ ဖြေကြားပေးနိုင်ရေး မှာကြားသည်။
ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့ ကန်ကြီးထောင့်မြို့နယ်၊ အနောက်စုကြီးကျေးရွာသို့ သွားရောက်၍ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များ၊ အထောက်အကူပြုအဖွဲ့များဖြစ်သည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့နှင့် တိုင်းရင်းသားဘာသာရပ်သင်ဆရာ၊ ဆရာမများက သန်းခေါင်စာရင်း ကောက်ယူနေမှုများကို ကြည့်ရှုအားပေးပြီး စာရင်းကောက်အဖွဲ့များ ဘာသာစကား အခက်အခဲမရှိစေရေးအတွက် အထောက်အကူပြု အဖွဲ့များမှ ကူညီဆောင်ရွက် ပေးနေမှုများ၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားခဲ့ပြီး တာဝန်ရှိသူများအား သန်းခေါင် စာရင်းကောက်ယူခြင်းလုပ်ငန်းများ သတ်မှတ်ကာလ အတွင်းပြီးစီးစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆) မြို့နယ်၊ ရပ်ကွက်(၃၀၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၉၂၀) အုပ်စုရှိ အိမ်ထောင်စုကောက်ကွက်ပေါင်း (၁၄၂၉၆ )ကွက်တွင် စာရင်းကောက် အဖွဲ့ပေါင်း( ၁၀၂၂) ဖွဲ့၊ စာရင်းစစ် (၁၁၅၀)၊ စာရင်းကောက်(၄၃၂၈)ဦး စုစုပေါင်း(၅၄၇၈)ဦးအပြင် အထောက်အကူပြု အဖွဲ့များဖြစ်သည့် တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ နှင့်တိုင်းရင်းသား ဘာသာရပ်သင် ဆရာ၊ ဆရာမ (၄၂၆) ဦး၊ တက္ကသိုလ်များမှ ကထိကဆရာ၊ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ၄၉ ဦး၊ ရပ်မိရပ်ဖများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များဖြင့် သန်းခေါင်စာရင်းကောက်ယူ ဆောင်ရွက်လျက်ရှိသည်။
(သတင်းစဉ်)


