မုံရွာ ၄  မတ် 

 

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မတ်လ (၄)ရက်နေ့ နံနက်(၁၀)နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးသန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း(၈၃) ဦး တက်ရောက်ကြသည်။  

 

ဆက်လက်ပြီး လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ လွှတ်တော် တက်ရောက်ခွင့်ရှိသူ (၁၀ဝ)ဦး အနက်(၈၃) ဦး တက်ရောက်သည့်အတွက် ၈၃ ရာခိုင်နှုန်း ဖြစ်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်း ကြေညာသည်။

 

ထို့နောက် အစည်းအဝေးမတက်ရောက်နိုင်သော စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၁၇)ဦးအတွက် ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှု အခြေအနေအား လွှတ်တော်၏ သဘောထားကိုရယူရာ လွှတ်တော်ကိုယ်စားလှယ်များက သဘောတူသည့်အတွက်  လွှတ်တော် ဥက္ကဋ္ဌ က အတည်ပြု မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ယင်းနောက် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် (၇)ဦးက ကြယ်ပွင့်ပြထားသည့် မေးခွန်း(၇)ခု၊ အစီရင်ခံစာ(၃)ခုအား ဆွေးနွေးခြင်းနှင့် မေးမြန်းခြင်းများပြုလုပ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အစိုးရအဖွဲ့အစည်းဝင် ဝန်ကြီးများက ပြန်လည် ဆွေးနွေးခြင်း၊ ဖြေကြားခြင်းများနှင့် အတည်ပြုမှတ်တမ်းတင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်ပြီး ထီးချိုင့်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ကောင်းမွန်လာနိုင်ရေးအတွက် ထီးချိုင့်မြို့ရှိ (3)MVA ဓာတ်အားခွဲရုံအား (10)MVA ဓာတ်အားခွဲရုံအဆင့်သို့ မည်သည့်အချိန်တွင် တိုးမြှင့်တပ်ဆင်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း၊ ပင်လယ်ဘူးမြို့ မူးမြစ်ကမ်းရေတိုက်စားမှုမှ ကာကွယ်ရန် မြေထိန်းနံရံများ အကောင်အထည်ဖော် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း၊ မင်းကင်းမြို့နယ်၊ ပေါက်အိုင်ကျေးရွာအုပ်စု၊ ပေါက်အိုင်ကျေးရွာအား ပုထိုးလုံးချောင်းရေ တိုက်စားမှုမှ ကာကွယ်ရန် ရေကာတာ(သို့မဟုတ်)ရေကာတန်းများကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ (သို့မဟုတ်) တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ပေးရန်  အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း၊ ပုလဲမြို့နယ်တွင် မုံရွာ-ပုလဲ-ဂန့်ဂေါလမ်း (၁)မိုင်(၆)ဖာလုံအား သတ်မှတ်အရည်အသွေး ပြည့်မီအောင် မဆောင်ရွက်ခဲ့သည့် “မြင့်မိုရ်မေမေ” ကုမ္ပဏီကို မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကို သိရှိလိုပါကြောင်းနှင့် ပြုပြင်ရန်ကျန်ရှိသည့်လမ်းပိုင်းကို မည်သည့်အချိန်ကာလတွင် ပြီးစီးအောင်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း၊ ဗန်းမောက်မြို့နယ်၊ မံလောင်ပေပင်အုပ်စု၊ ဝေသုက္ခီကျေးရွာအဝင်ချောင်းအား ပေ(၃၀)အရှည် ကျောက်ရိုးစီ၊ သံဘောင်တင်၊ သစ်သားခင်းတံတား(၁)စင်း ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းနှင့် စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းတိုက်နယ်၊ ပုဂဲတူ-ရွှေကြယ်ပုံ-ဒီပဲယင်းကွဲလမ်းပျက်စီးမှု ကာကွယ်ရန် ကွန်ကရစ်ရေကျော်တစ်ခု တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း စသည့်မေးခွန်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်အသီးသီးကမေးမြန်းကြရာ တိုင်းဒေသကြီး လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြန်လည် ဖြေကြားခဲ့သည်။

 

ထို့နောက် မုံရွာမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည် ၏ “ချင်းတွင်းမြစ်တစ်လျှောက်ပြေးဆွဲနေသော မော်တော်ရေယာဉ်သင်္ဘောများ မုံရွာမြို့၌ ကုန်တင်ကုန်ချပြုလုပ်ရန်အတွက် တရားဝင်နေရာ သတ်မှတ်ပေးနိုင်ရန် လျှောက်ထားမှုအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆိပ်ကမ်းနေရာ သတ်မှတ်ခွင့်ပြုပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း” မေးခွန်းနှင့်စပ်လျဉ်းပြီး တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ပြန်လည်ဖြေကြားခဲ့သည်။

 

ယင်းနောက် ကနီမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရွှေဌေး၏ “ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ၏ (၂၀၁၇)ခုနှစ်နှင့် (၂၀၁၈)ခုနှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ”အား လွှတ်တော်သို့ တင်ပြပြီး ယင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းများအား မတ်လ ၅ ရက်နောက်ဆုံးထားပြီး လွှတ်တော်ရုံးအကြီးအမှူးထံ တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

 

ဆက်လက်ပြီး “ဒုတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၏ ၂၀၁၈ခုနှစ် တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ” အား လွှတ်တော်သို့ တင်ပြပြီး ယင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းများအား မတ်လ ၅  ရက် နောက်ဆုံးထားပြီး လွှတ်တော်ရုံးအကြီးအမှူးထံ တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ က ကြေညာသည်။

 

ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး တရားသူကြီးချုပ်၏ ၂၀၁၇ ခုနှစ်အတွင်း တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ နှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၈)ဦးက ဆွေးနွေးကြပြီး တိုင်းဒေသကြီး လွှတ်တော်တရားသူကြီးချုပ် ဦးဝင်းမြင့်က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကာ ယင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏သဘောထားရယူရာ လွှတ်တော်ကိုယ်စားလှယ်အားလုံးက သဘောတူသည့်အတွက် လွှတ်တော်ဥက္ကဋ္ဌက မှတ်တမ်းတင်ကြောင်းကြေညာသည်။

 

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးသန်းက ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ ရပ်နားကြောင်းနှင့်  အစည်းအဝေး (၁၆) ရက်မြောက်နေ့ကို မတ်လ ၅ ရက်နေ့ နံနက် (၁၀) နာရီတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထွန်းကိုကို(ယင်းမာပင်)