နေပြည်တော်၊ အောက်တိုဘာ ၂
နိုင်ငံ့ဝန်ထမ်းများ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာများ တိုးပွားလာစေရန် ရည်ရွယ်၍ ကာကွယ်ရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေးနှင့် တာဝန်ရှိသူများ၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် (၂၀၂၂-၂၀၂၅) ကို ရေးဆွဲချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မဟာဗျူဟာစီမံချက်တွင် တားဆီးကာကွယ်ခြင်း၊ အသိပညာ ပေးခြင်းနှင့် စုံစမ်းစစ်ဆေး အရေးယူခြင်း လုပ်ငန်းစဉ်များ ပါဝင်ပါကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုကို ဘက်ပေါင်းစုံမှ ထိခိုက်စေနိုင်သည့် အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းသွားစေရေးသည် အလွန်အရေးကြီးကြောင်း၊ အဂတိလိုက်စားမှုသည် အကျင့်ပျက်ခြစားမှုများနှင့် လူများ၏စိတ်ဓာတ်နှင့် စာရိတ္တများ ပျက်စီးစေပြီး နိုင်ငံအတွက် အန္တရာယ်ဖြစ်သဖြင့် နိုင်ငံတော်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ၂၀၁၃ ခုနှစ်၊ ဩဂုတ် (၇)ရက်တွင် ပြဋ္ဌာန်းထားပြီး ထိရောက်သည့် ဟန့်တားဆောင်ရွက်မှုများနှင့် အရေးယူဆောင်ရွက်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှု လျော့နည်းကျဆင်းစေရေးဆောင်ရွက်ရာတွင် စုံစမ်းစစ်ဆေးအရေးယူမှု တစ်ခုတည်းဖြင့်ဆောင်ရွက်မည်ဆိုပါက လုံလောက်မှုမရှိနိုင်သည့်အတွက် အဂတိလိုက်စားမှုကို လုံးဝလက်မခံသော ယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာစေရေးနှင့် အကျင့်ပျက်ခြစားမှုများ မရှိစေရေး အခြေခံအကျဆုံးဖြစ်သည့် အသိပညာပေးရေးနှင့် တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များကိုပါ အချိန်နှင့်တစ်ပြေးညီ အလေးထား လုပ်ဆောင်သွားကြရန် ပြောကြားခဲ့ပါကြောင်း။
မိမိတို့နိုင်ငံ၏ အုပ်ချုပ်ရေးစနစ်အရ နိုင်ငံ့ဝန်ထမ်းများ၏ ကဏ္ဍသည် အရေးကြီးသည့် နေရာတွင် ပါဝင်နေသည့်အတွက် ဝန်ထမ်းအဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုများ များလာပါက နိုင်ငံတော်၏ စွမ်းဆောင်မှုသည်လည်း ကျဆင်းလာမည်ဖြစ်ပါကြောင်း၊ လာဘ်ပေးလာဘ်ယူမှု၊ အာဏာကို အလွဲသုံးစား ပြုလုပ်မှုများ ကြီးမားကျယ်ပြန့်လာမှုကို အချိန်မီတားဆီးကာကွယ်မှုများ မလုပ်နိုင်ပါက နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအပေါ် ခြိမ်းခြောက်မှုများလည်း ဖြစ်လာနိုင်ကြောင်း၊ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဂတိကင်းစင်စွာဖြင့် ပြည်သူလူထုအပေါ် ဝန်ဆောင်မှုပေးရာတွင် ပွင့်လင်းမြင်သာမှုရှိရန်၊ ကျောသားရင်သားမခွဲခြားဘဲ သာတူညီမျှစိတ်ဖြင့် ဆက်ဆံရန်၊ မိမိတာဝန်ကို မိမိကျေပြွန်စွာ ထမ်းဆောင်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌက အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် အသိပညာပေးခြင်း နည်းလမ်းသည် အခြေခံကျသည့် နည်းလမ်း တစ်ခုဖြစ်သည့်အတွက် ယခုကဲ့သို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေး ဟောပြောပွဲများ ကျင်းပနိုင်ခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့် အရွေ့တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံ့တာဝန်ကို ရိုးသားဖြောင့်မတ်စွာ ထမ်းဆောင်ခြင်းဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်ရခြင်း အကြောင်းအရင်းများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများနှင့် တားဆီးကာကွယ်ရေးကဏ္ဍများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် စုံစမ်းစစ်ဆေးရေး ကဏ္ဍများကို ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာကြသော ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


