ဂျေရုဆလင်၊ အောက်တိုဘာ ၂

အီရန်နိုင်ငံက အစ္စရေးသို့ ဦးတည်ကာ ဒုံးကျည်များ တရစပ်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် နှစ်ဦးထိခိုက် ဒဏ်ရာရရှိကြောင်း   အစ္စရေးတာဝန်ရှိသူများက ပြောသည်။ ယင်းတိုက်ခိုက်မှုမှာ အီရန်နိုင်ငံက ကျောထောက် နောက်ခံပေးထားသော အစ္စလာမ္မစ်အဖွဲ့ ခေါင်းဆောင်ကို အစ္စရေးက လုပ်ကြံသတ်ဖြတ်မှုအတွက် လက်တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်ကြောင်း တီဟီရန်က ပြောသည်။ ဒုံးကျည် ၁၈၀ ကျော် ပစ်လွှတ်တို က်ခိုက်ခြင်းဖြစ်ပြီး အများစုကို ပစ်ချနိုင်ခဲ့ကြောင်း အစ္စရေးတပ်မတော်က ပြောသည်။

 

အခြားသော ဒုံးကျည်များသည် နိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများသို့ ကျရောက်ခဲ့ကြောင်း သိရသည်။ အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (အိုင်အာရ်ဂျီစီ) က စစ်ဘက်နှင့် လုံခြုံရေးဆိုင်ရာနေရာများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပြောသည်။ ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟာဆန် နာစရယ်လာသည် ပြီးခဲ့သည့် သီတင်းပတ်က လက်ဘနွန်နိုင်ငံတွင် သတ်ဖြတ်ခံခဲ့ရသည်။ ထို့အပြင် ဟားမားစ်နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ် ဟာနီယေးသည်လည်း ဇူလိုင်လတွင် တီဟီရန်မြို့၌ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။

 

သို့သော်လည်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ၎င်းတို့၏ လက်တုံ့ပြန်မှုသည် မအောင်မြင်ခဲ့ကြောင်း ပြောသည်။ ထို့ပြင် အီရန်နိုင်ငံသည် ယနေ့ညတွင် အမှားကြီးတစ်ခုပြုလုပ်ခဲ့ကြောင်း၊ ယင်းအတွက် ပြန်လည် ပေးဆပ်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ အမေရိကန် ရေတပ်ဖျက်သင်္ဘောများက ဒုံးကျည်များကို ကြားဖြတ်ပစ်ချပြီး ကူညီခဲ့ကြောင်း ဝါရှင်တန်က ပြောသည်။ အမေရိကန်သည် အစ္စရေးကာကွယ်ရေးကို ထောက်ခံကြောင်း၊ ထိခိုက်မှုများနှင့်ပတ်သက်ပြီး ချင့်တွက်လျက်ရှိနေသေးကြောင်း၊ သို့သော်လည်း လတ်တလော သိထားရသည့်အတိုင်းဆိုလျှင် တိုက်ခိုက်မှုသည် မအောင်မြင်ဖြစ်ပြီး ထိရောက်မှုရှိပုံ မပေါ်ကြောင်း သမ္မတဂျိုးဘိုင်ဒင်က ပြောသည်။

 

အီရန်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗအရာဂ်ချီက ဗြိတိန်၊ ဂျာမနီနှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးများကို တယ်လီဖုန်းမှတစ်ဆင့် စစ်ဆင်ရေးဆောင်ရွက်မှု ပြီးမြောက်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း အစ္စရေးနိုင်ငံက လက်တုံ့ပြန်ရန် ကြိုးပမ်းပါက အီရန်၏ တုံ့ပြန်မှုပိုမိုပြင်းထန်မည်ဟု ၎င်းကပြောသည်။ အီရန်နှင့် အစ္စရေးနိုင်ငံတို့အကြား ဒုံးကျည်အပြန်အလှန်ပစ်ခတ်မှုမှာ ပထမဆုံးအကြိမ် မဟုတ်ကြောင်း၊ အီရန်နိုင်ငံက ဧပြီလတွင် အစ္စရေးနိုင်ငံသို့ ဒရုန်းနှင့် ဒုံးကျည်ပေါင်းရာနှင့်ချီပစ်လွှတ် တိုက်ခိုက်ခဲ့ကြောင်းနှင့် ယင်းမှာ ဆီးရီးယားနိုင်ငံရှိ အီရန်သံရုံးကို တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး လက်တုံ့ပြန်တိုက်ခိုက်မှုဖြစ်ကြောင်း သိရသည်။     

 

အင်န်အိတ်ချ်ကေ