နေပြည်တော် အောက်တိုဘာ ၃
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် Myanmar Institute of Information Technology (MIIT) သို့ ရောက်ရှိပြီး ဘာသာရပ်များအလိုက် စာမေးပွဲခန်းများ၌ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်ချက်တင်ပြမှုများကို ဖြည့်ဆည်း ဆောင်ရွက်ပေးကာ နိုင်ငံတကာနှင့် ရင်ပေါင်တန်းကာ နည်းပညာဖွံ့ဖြိုးမှုအရွေ့များတွင် နောက်ကျမကျန်ခဲ့ရအောင် စဉ်ဆက်မပြတ် လေ့လာဆောင်ရွက်ကြရန်၊ နိုင်ငံ့အကျိုးပြု ဗလငါးတန်နှင့် ပြည့်စုံ၍ ထူးချွန်ထက်မြက်သော စွမ်းရည်မြင့် IT လူငယ်ပညာရှင်များ ပေါ်ထွန်းလာရေး ဝန်းကျင်ကောင်းများ ဖော်ဆောင်ပေးရန် တိုက်တွန်းမှာကြားပြီး ဒုတိယဝန်ကြီးသည် တက္ကသိုလ် ဥပဓိရုပ်တင့်တယ်ရေး ဆောင်ရွက်ထားရှိမှုနှင့် Outdoor Fitness Equipment များ တပ်ဆင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်း၌ ဒုတိယဝန်ကြီးသည် အစိုးရနည်းပညာကောလိပ်(မန္တလေး)သို့ ရောက်ရှိကာ အင်ဂျင်နီယာ ဘာသာရပ်များအလိုက် စာမေးပွဲဖြေဆိုရန် ရောက်ရှိလာကြသည့် ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆကပြီး စာမေးပွဲခန်းများ အသီးသီး၌ ရွှင်လန်းချမ်းမြေ့စွာ ဖြေဆိုလျက်ရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများကို စာမေးပွဲ စည်းကမ်းများအတိုင်း အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန် မှာကြားသည်။
ဆက်လက်၍ နည်းပညာတက္ကသိုလ်(မန္တလေး)သို့ ရောက်ရှိပြီး စာမေးပွဲခန်းများ၌ အေးချမ်းရွှင်လန်းစွာ ဖြေဆိုလျက်ရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို ကြည့်ရှုအားပေးကာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်ချက်တင်ပြမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် တက္ကသိုလ်ဝင်း သန့်ရှင်းသပ်ရပ်သာယာလှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


