ရန်ကုန် အောက်တိုဘာ ၃
ပြည်ပဈေးကွက်ဝင် မြန်မာ့ပနားမီးပုဇွန်ဖြူကို တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရေငန်မွေးမြူရေးကန် များတွင် စနစ်တကျ မွေးမြူထုတ်လုပ်ပြီး တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး၌ ပနားမီးပုစွန်ဖြူ မွေးမြူထုတ်လုပ်မှု သက်တမ်းနုသေးသော်လည်း ပင်လယ်ရေ အရည်အသွေးကောင်းမွန်ခြင်းနှင့် ရေထွက်ကုန် အရည်အသွေး ကောင်းမွန်ခြင်းတို့ကြောင့် သန့်ရှင်း လတ်ဆတ်မှုရှိသဖြင့် မြန်မာ့ပနားမီး ပုစွန်ဖြူကို ပြည်ပနိုင်ငံများက နှစ်သက်လျက်ရှိကြပြီး နိုင်ငံခြား ဝင်ငွေသေချာသော ရေငန်ပုစွန် မွေးမြူမှုကို ရေလုပ်ငန်းရှင်များ ပိုမိုစိတ်ဝင်စားလာကြသည်။
ရင်းနှီးမြှုပ်နှံမှုများသော ပနားမားပုစွန်ဖြူမွေးမြူရာ၌ ခြောက်ပေအနက်ရှိ နှစ်ဧကခွဲကန် တစ်ကန်လျှင် ပုစွန်ကောင်ရေ နှစ်သန်းမှ လေးသန်းအထိ မွေးမြူလေ့ရှိပြီး ရေလှောင်ကန်နှင့် ပိုးသတ်ကန်တို့ သီးခြားစီ ထားရှိကာ မွေးမြူထုတ်လုပ်လျက်ရှိသည်။ ပနားမီးပုစွန်ဖြူ မျိုးစိတ်ကို ထိုင်းနိုင်ငံမှဝယ်ယူ၍ အဆင့်ဆင့် မွေးမြူပြီး သုံးလကျော် လေးလခန့်အကြာ ရောင်းတန်းဝင်အဆင့်သို့ ရောက်ရှိချိန်တွင် ပြည်ပသို့ တင်ပို့ ရောင်းချကြသည်။
ယခုနှစ်မိုးရာသီတွင် မိုးရွာသွန်းမှုများခဲ့၍ ရေငန်ပါဝင်နှုန်း ကျဆင်းခြင်း၊ ထိုင်းနိုင်ငံမှ ဝယ်ယူစိုက်ထည့်သော မျိုးစိတ်များ ကြီးထွားနှုန်း ကျဆင်းခြင်းတို့ကြောင့် ယခင်တစ်ကန်လျှင် တန် ၄၀ ထွက်ရှိရာမှ တန် ၂၀ သာထွက်ရှိခဲ့သဖြင့် မွေးမြူရေးကုမ္ပဏီအချို့ ထိခိုက်မှုများရှိခဲ့ပြီး ပွင့်လင်းရာသီတွင် မူလအခြေအနေအတိုင်း ပြည်ပပို့ကုန်မှ နိုင်ငံခြားဝင်ငွေ ပြန်လည်ရရှိလာမည်ဟု မွေးမြူရေးကုမ္ပဏီများက မျှော်မှန်းထားသည်။
“မြန်မာ့ပနားမီးပုစွန်ဖြူကို တရုတ်နဲ့ဂျပန်ကို ပို့နေပါတယ်။ ဒီနှစ်မိုးများပြီး မျိုးမကောင်းတဲ့အတွက် ပုစွန်ကြီးထွားနှုန်း ကျဆင်းတာရှိတယ်။ ပုစွန်ဖြူမျိုးစိတ်ကို ထိုင်းနိုင်ငံက ဝယ်ယူရတာဖြစ်တဲ့အတွက် အစာကိုလည်း အဲ့ဒီနိုင်ငံကပဲ ဝယ်ရပါတယ်။ တရုတ်နိုင်ငံကို ပြုတ်ပြီးသား ပုစွန်တင်ပို့ပြီး ဂျပန်နိုင်ငံကို အေးခဲပြုလုပ်ပြီး တင်ပို့နေပါတယ်။ ဝယ်လက်ရဲ့ဆန္ဒအတိုင်း တင်ပို့ပေးနေပါတယ်။ လက်ရှိပြည်ပ ဈေးကွက်မှာ အခြားသောနိုင်ငံတွေနဲ့ယှဉ်ပြိုင်ပြီး တင်ပို့နေရတာဖြစ်တဲ့အတွက် အခွန်အခနဲ့ အစာဝယ်ယူ ရာမှာ လိုင်စင်ကဏ္ဍ မြန်ဆန်စွာဆောင်ရွက်နိုင်မယ်ဆိုရင် ဈေးကွက်မှာ အခြားနိုင်ငံတွေနဲ့ ယှဉ်ပြိုင်နိုင်မှာပါ။ တရုတ်နိုင်ငံကို တရားဝင် တင်ပို့ခွင့် ရရှိထားတာကြောင့် ပနားမီးပုစွန်ဖြူကို တိုးမြှင့်ထုတ် လုပ်မွေးမြူပြီး တင်ပို့နိုင်မယ်ဆိုရင် နိုင်ငံအတွက်နိုင်ငံခြားဝင်ငွေရရှိတဲ့အပြင် မွေးမြူတဲ့ ကုမ္ပဏီတွေလည်း အဆင်ပြေပြီး ရေထွက်ကုန်ဈေးကွက်မှာ မြန်မာ့ပုစွန်ဖြူတစ်ခေတ်ဆန်းသစ်လာမယ်လို့ ပြောလို့ရပါတယ်”ဟု တနင်္သာရီ တိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးသက်စိုးက ပြောသည်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ပြည့်ဖြိုးထွန်းကုမ္ပဏီ၏ ၈၃၂ ဧက၌ ပုစွန် မွေးမြူရေး ကန် ၁၀၅ ကန်၊ ခိုင်ဇင်ယော်ကုမ္ပဏီ(မစမ်းပါး)၏ ၅၃၁ ဒသမ ၀၅ ဧက၌ ပုစွန်မွေးကန် ၅၃ ကန်၊ ပုလော မြို့နယ် ရွှေကံမော်ကုမ္ပဏီ၏ ၂၉၉ ဒသမ ၇၇ ဧက၌ ပုစွန်မွေးမြူရေးကန် ၂၅ ကန်နှင့် ထပ်မံတိုးချဲ့သည့် ထူးထူးတိုးကုမ္ပဏီနှင့် ဩဘာစံ ကုမ္ပဏီတို့က မွေးမြူရေးကန် ၁၀ ကန်မှ ၁၅ ကန်အထိ မွေးမြူလျက်ရှိရာ ပနားမီးပုစွန်ဖြူ မွေးမြူရေးကန်ပေါင်း ၂၀၀ ကျော်မှ လေးလတစ်ကြိမ် မွေးမြူထုတ်လုပ် ၍ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်သို့ တင်ပို့လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ-ကနူး
ညိမ်းသူ(သတင်းစဉ်)


