နေပြည်တော်  အောက်တိုဘာ ၃

 

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ပါမောက္ခဒေါက်တာ အေးထွန်းသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ညောင်ရွှေ မြို့နယ် အင်းလေးဒေသသို့သွားရောက်ပြီး သဘာဝဘေးအန္တရာယ် ခံစားခဲ့ရသော ဟဲယာရွာမတိုက်နယ် ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများအား အားပေးစကား ပြောကြားခြင်း၊ ထောက်ပံ့ငွေများ ပေးအပ်ခြင်း၊ ဆေးရုံနှင့် ကျန်းမာရေးဌာနများ၏ ရေနစ်မြုပ်မှုအခြေအနေများအား ကွင်းဆင်း ကြည့်ရှုခြင်းတို့ကို ဆောင်ရွက်ကာ ဟဲယာရွာမ ဓမ္မဗိမ္မာန်တော်ကြီး၌ ဖွင့်လှစ်ထားသော ယာယီ ဆေးခန်း၌ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသော လူနာများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့နောက် နန်းပန်တိုက်နယ်ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနတို့တွင် ရေများဝင်ရောက်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့မှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြင်ပလူနာဌာန (ယာယီ)ဖွင့်လှစ်ထား ရှိသော နောင်ကန်ကျောင်းတိုက်သို့ရောက်ရှိကာ ရေဘေးသင့် ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ ငွေများပေးအပ်၍ လူနာများအား တွေ့ဆုံ အားပေးစကား ပြောကြားသည်။

 

မွန်းလွဲပိုင်းတွင် ညောင်ရွှေမြို့ ရွှေရေကျ ဘုန်းတော်ကြီးကျောင်း၌ စပ်စံထွန်းပြည်သူ့ ဆေးရုံကြီးနှင့် အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၊ တောင်ကြီးမြို့တို့မှ သမားတော်၊ စိတ်ကျန်း မာ၊ ကလေး၊ သားဖွားမီးယပ် အထူးကုဆရာဝန်များ ပါဝင်သောအဖွဲ့မှ အထူးကုကွင်းဆင်း ကုသနေမှုများကို ကြည့်ရှုအားပေးသည်။

 

ထို့နောက် ပြည်သူ့ဆေးရုံ (ညောင်ရွှေမြို့)သို့ရောက်ရှိပြီး ဆေးရုံအတွင်း လက်ရှိရေဝင်ရောက်ဆဲ အခြေ အနေ၊ ရေလွတ်ရာအဆောင်၌ အတွင်းလူနာများ ထားရှိကုသပေး နေမှု၊ ခွဲစိတ်ခန်းလုပ်ဆောင်နေမှု၊ ဆေးပစ္စည်းများ ရွှေ့ပြောင်းထားရှိမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ရေဘေးသင့် ကျန်းမာရေးဝန်ထမ်းများကို ထောက်ပံ့ငွေများ ပေးအပ်သည်။

 

ညနေပိုင်းတွင် ရွှေညောင်တိုက်နယ်ဆေးရုံသို့ သွားရောက်ပြီး တိုက်နယ်ဆရာဝန်နှင့် ဆေးရုံဝန်ထမ်းများ၏ ဆေးရုံလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို လှည့်လည်ကြည့်ရှုကာ ဆေးရုံတက်ရောက် ကုသမှုခံယူနေ သော လူနာများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)