နေပြည်တော် အောက်တိုဘာ ၃
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ကောင်စီဝင်များသည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ် ဝဇိရာနန္ဒသုဗောဓာရုံကျောင်းတိုက်၌ ကျင်းပသည့် နေပြည်တော် မြို့နယ်လုံးဆိုင်ရာ တတိယအကြိမ် သာသနာလင်္ကာရစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုနေကြသည့် ရဟန်းသံဃာများနှင့် ရှင်သာမဏေများအား သွားရောက်ဖူးမြော် ကြည်ညိုသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဝဇိရာနန္ဒသု ဗောဓာရုံကျောင်းတိုက် ပဓာန နာယကဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဇောတိဝရနှင့် စာမေးပွဲကြီးကြပ် ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေ များ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နေပြည်တော် မြို့နယ်လုံးဆိုင်ရာ တတိယအကြိမ် သာသနာလင်္ကာရစာမေးပွဲကို အကျော်တန်းမှ စာဖြေသံဃာတော် အပါး ၃၀ က ဘိက္ခုပါတိမောက် ဘာသာရပ်ကိုလည်းကောင်း၊ အကြီးတန်းမှ စာဖြေသံဃာတော် ၁၇၈ ပါးနှင့် အငယ်တန်းမှ စာဖြေ သံဃာတော် ၃၇၆ ပါးက ရှင်ကျင့်ဝတ် ဘာသာရပ်ကို လည်းကောင်း ဖြေဆိုနေမှုကို လှည့်လည်ကြည်ညိုသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တာ် သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) စေတီတော်ဂေါပက အဖွဲ့ရုံး၌ ကျင်းပသည့် နေပြည်တော် သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ဟော၊စံ) စေတီတော် ဘက်စုံပြုပြင်မွမ်းမံရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး စေတီတော် ဘက်စုံ ပြုပြင်မွမ်းမံရေး၊ စေတီတော်အားလုံးရေရရှိရေး၊ ဘုရားစေတီအတွင်းရှိ သာသနိက အဆောက်အဦများ ကြည်ညိုဖွယ်ဖြစ်အောင် ဆောင်ရွက်ရေး၊ သန့်ရှင်းသာယာလှပရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။
အစည်းအဝေးအပြီးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော် သတ္တသတ္တာဟမဟာဗောဓိ စေတီတော်မြတ်ကြီးအတွင်းရှိ မြတ်ဗုဒ္ဓ၏ မဇ္ဈိမခရီးစဉ်မှတ်တမ်း ဓာတ်ပုံပြခန်းနှင့် ဓမ္မာရုံအတွင်း လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


