နေပြည်တော်    အောက်တိုဘာ ၃

 

တောင်တရုတ်ပင်လယ်တွင်ဖြစ်ပွားခဲ့သော ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ် ခံစားရသောဒေသများအတွက် ဆန်အိတ်များပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန(DMC)၌ ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လက်ခံရယူခဲ့ပြီး ကျေးဇူးတင် စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီ (နိုင်ငံခြားရေးဝန်ကြီးဌာန)၏ ညှိနှိုင်းဆက်သွယ်ပေးမှုဖြင့် ကမ္ဘောဒီးယားနိုင်ငံ DV Group စီးပွားရေး လုပ်ငန်းရှင် ဦးဝမ်ကျားဟွာ(ခ) ဦးမြင့်ဆွေက ငွေကျပ်သိန်း(၂၀၀၀) တန်ဖိုးရှိ ဆန်တန်ချိန် (၁၀၀)နှင့်ညီမျှ သည့် ဆန်အိတ်ပေါင်း (၄၀၀၀)နှင့် Senachy Cooperation Co.,Ltd  မှ CHEIN CHWIN က ငွေကျပ်သိန်း ၂၀၀ တန်ဖိုးရှိ  ဆန်တန်ချိန် ၁၀ တန် နှင့်ညီမျှသည့် ဆန်အိတ်ပေါင်း ၄၀၀၊ စုစုပေါင်း ဆန် ၄၄၀၀ အိတ်တို့ကို လှူဒါန်းခြင်းဖြစ်၍ အလှူရှင်များကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူ များ၊ အလှူရှင်များက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီး ရေဘေးသင့်ဒေသများသို့ အမြန်ဆုံးခွဲဝေပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)