နေပြည်တော်၊ အောက်တိုဘာ  

   

တိုင်ဖွန်းမုန်တိုင်း“ရာဂီ”၏ အရှိန်ကြောင့်မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေး တိုင်းဒေသကြီးတို့နှင့် ဆက်စပ်သည့် ရန်ကုန်-မန္တလေးရထားလမ်းမကြီး၏ အချို့ရထား လမ်းတာဘောင်နေရာ များနှင့် တံတားများရေတိုက်စား၍ ပျက်စီးခဲ့မှုများကြောင့် ရန်ကုန်-မန္တလေး ရထားခရီးစဉ်များကို စက်တင်ဘာ (၁၁)ရက်မှစတင်၍ ယာယီရပ်နားထားခဲ့ရသည်။

 

မြန်မာ့မီးရထားအနေဖြင့် ရထားလမ်းနှင့်တံတားများ ပြင်ဆင်မွမ်းမံမှုကို လူအင်အား၊ ပစ္စည်းအင်အား၊ ထိရောက်သော ထောက်ပံ့ပို့ဆောင်ရေးအစီအစဉ်တို့ဖြင့် စနစ်တကျ စီမံကြီးကြပ်ဆောင်ရွက်ခဲ့မှုကြောင့် စက်တင်ဘာ (၂၁)ရက်မှစ၍ ရန်ကုန်-မန္တလေးလမ်းပိုင်း၌ ရန်ကုန်-သာစည်၊ သာစည်-ရန်ကုန်ခရီးစဉ်အဖြစ် အမှတ်(၁၁)အဆန်/(၁၂)အစုန်လူစီးအမြန်ရထားကို စတင်ပြေးဆွဲပေးနိုင်ခဲ့သည်။

 

ရေတိုက်စားမှုကြောင့်ပျက်စီးသွားသည့် ဝမ်းတွင်းမြို့နယ်၊ သဲတောနှင့်သပြေတောင်းကြား ရထားလမ်းပိုင်းနှင့် မိုင်တိုင်(၃၃၃/၁)ရှိ အဆန်လမ်းတံတားအမှတ်(၆၉၁)၏ ကမ်းကပ်ခုံရေတိုက်စားခံရခြင်း၊ အစုန်လမ်းတံတား အမှတ်(၆၉၁)၏ ပေ(၄၀)သံဘောင်(၄)ခု ရေထဲပြုတ်ကျခြင်း၊ အဆန်လမ်း/အစုန်လမ်း ရထားလမ်းတာဘောင် ရေတိုက်စားခံရခြင်းများတွင် အဆန်လမ်းတံတားအမှတ်(၆၉၁)ကို ယာယီတံတား ဘေလီသံဘောင်နှင့် Steel Girder များထည့်သွင်းခြင်း၊ ရေတိုက်စားတာဘောင်များကို သံလမ်းဖြုတ်သိမ်း၍ သဲအိတ်စီထပ်ခြင်း၊ (၆’’x၉’’) လက်မကျောက်ကြီးများထည့်သွင်းခြင်း၊ မြေဖို့ခြင်းများဆောင်ရွက်ပြီးနောက် သံလမ်းပြန်လည်ခင်းခြင်း၊ ရေတိုက်စားနေရာများတွင် သစ်သားဖားထပ်ခွေယာယီ ဆောင်ရွက်ခြင်း စသည့် အကြီးစားပြင်ဆင်မွမ်းမံမှု များကို ဆောင်ရွက်ခဲ့ရသည်။

 

အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်း နိုင်ငံတော်အကြီးအကဲကိုယ်တိုင် စက်တင်ဘာ (၂၉)ရက်တွင် လာရောက်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခြင်း၊ ပံ့ပိုးဖြည့်ဆည်း ပေးခြင်းများ ပြုလုပ်ပေးခဲ့သည်။ မြန်မာ့မီးရထားမှတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၏ အားထုတ်ကြိုးပမ်းပြုပြင် ဆောင်ရွက်ပေးခဲ့မှုများကြောင့် အောက်တိုဘာ(၂)ရက် ည ၇ နာရီ ၂၆ မိနစ်အချိန်တွင် သဲတော-သပြေတောင်း အကြား အဆန်လမ်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်၍ ရန်ကုန်-မန္တလေး အမှတ်(၁၁)အဆန်နှင့် မန္တလေး-ရန်ကုန် အမှတ်(၁၂)အစုန်လူစီးအမြန်ရထားများ၊ ရန်ကုန်-မန္တလေး အမှတ်(၁)အဆန်၊ မန္တလေး-ရန်ကုန် အမှတ်(၂) အစုန်စာပို့ရထားခရီးစဉ်များကို ယနေ့မှ စတင်ပြေးဆွဲပေးလျက်ရှိကြောင်းနှင့် ကုန်ရထားများကိုလည်း အောက်တိုဘာ(၄)ရက်မှစတင်၍ ပုံမှန်ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ ခရီးသွားလာမှု လွယ်ကူအဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် ရထားလမ်းပိုင်းအသီးသီးတွင် လူစီးရထားနှင့် ကုန်ရထားများ ပြေးဆွဲပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ရေကြီးရေလျှံမှုဖြစ်ပွား၍ ရထားလမ်း၊ တံတားများ ထိခိုက်ပျက်စီးသွားမှုကြောင့် ယာယီရပ်နားခဲ့ရသည့် ရန်ကုန်-မန္တလေး ခရီးစဉ်အမှတ်(၁၁) အဆန်/(၁၂)အစုန် လူစီးအမြန်ရထားနှင့် အမှတ်(၁)အဆန် /(၂)အစုန်စာပို့ ရထားတို့ကို မူလပြေးဆွဲချိန်များ အတိုင်း ဆက်လက်ပုံမှန်ပြေးဆွဲပေးသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)