၄ မတ်
၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၅) နောက်ဆုံးနေ့ကို ယနေ့ညနေပိုင်းက မုံရွာကွင်း၌ ကျင်းပရာ စစ်ကိုင်းအသင်းနှင့် ဇွဲကပင်အသင်း တစ်ဂိုးစီသရေကျခဲ့သည်။
စစ်ကိုင်းအသင်းသည် ယခုပွဲအနိုင်ရပါက အမှတ်ပေးဇယားကို ဦးဆောင်ခွင့်ရမည်ဖြစ်သော်လည်း အိမ်ကွင်း၌ သရေကျခဲ့သောကြောင့် ဦးဆောင်ခွင့် ဆုံးရှုံးခဲ့သည်။ စစ်ကိုင်းအသင်းသည် ပြိုင်ပွဲမရပ်နားမီက အိမ်ကွင်း၌ ခြေစွမ်းပြကာ နှစ်ပွဲဆက် ဂိုးပြတ်အနိုင်ရခဲ့သော်လည်း ပြိုင်ပွဲစတင်ချိန်တွင် ပုံစံကောင်းရရန် ခက်ခဲခဲ့ပြီး သရေတစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။
နှစ်သင်းစလုံး လူစုံထုတ်ကာ ယှဉ်ပြိုင်ခဲ့ပြီး စစ်ကိုင်းအသင်းတွင် နိုင်ငံခြားသားတိုက်စစ်မှူး ဒိုနယ်မပါသောကြောင့် တောင်ပံကစားသမား ဖရိုင်းဒေးကို တိုက်စစ်တွင် အသုံးပြုခဲ့သည်။ဇွဲကပင်အသင်းသည် အဝေးကွင်းတွင် ရလဒ်ကောင်းရန် ကြိုးပမ်းခဲ့ပြီး ၁၈ မိနစ်တွင် ဂျပန်ကွင်းလယ်ကစားသမား ကင်မ်၏ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ဂိုးပေးလိုက်ရသောကြောင့် စစ်ကိုင်းအသင်း ချေပဂိုးရရန် ကြိုးစားလာပြီးမိနစ် ၃၀ တွင် ဖရိုင်းဒေးက ခေါင်းတိုက်ပြီး ချေပဂိုးပြန်သွင်းခဲ့သည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံး ဂိုးထပ်ရရန် ကြိုးစားခဲ့ပြီး စစ်ကိုင်းအသင်းက ပိုဖိကစားနိုင်ခဲ့သည်။
စစ်ကိုင်းအသင်းသည် အဆုံးသတ်အားနည်းမှုကြောင့် အိမ်ကွင်း၌ သရေတစ်မှတ်ဖြင့် ကျေနပ်ခဲ့ရသည်။ ဇွဲကပင်အသင်းသည် ဒုတိယမြောက် နိုင်ပွဲရရန် ကြိုးပမ်းခဲ့သော်လည်း တတိယမြောက် သရေပွဲထပ်မံကြုံတွေ့ခဲ့သည်။
ပွဲစဉ် (၅) အပြီးတွင် ရန်ကုန်နှင့် ဟံသာဝတီအသင်းက ၁၀ မှတ်စီ၊ ရှမ်းယူနိုက်တက်နှင့် ဧရာဝတီအသင်းက ကိုးမှတ်စီ၊ စစ်ကိုင်း၊ ရခိုင်နှင့် ရတနာပုံအသင်းတို့က ရှစ်မှတ်စီ၊ ဇွဲကပင်အသင်းက ခြောက်မှတ်၊မကွေးနှင့် Southern အသင်းက လေးမှတ်စီ၊ ဒဂုံအသင်းက သုံးမှတ်၊ Chinland အသင်းက တစ်မှတ်ရထားသည်။ လက်ရှိချန်ပီယံ ရန်ကုန်အသင်းသည် ဂိုးကွာခြားချက်အသာဖြင့် ထိပ်ဆုံး၌ ပြန်လည်ဦးဆောင်ခွင့်ရခဲ့ပြီး အသင်းများအကြား အမှတ်ကွာဟမှုမရှိခြင်း၊ အသင်းအများစု အမှတ်တူနေခြင်းကြောင့် တစ်ပွဲခြေချော်သည်နှင့် အဆင့်ရပ်တည်မှု ပြောင်းလဲဖွယ်ရှိနေသည်။ MNL အမှတ်ပေးပြိုင်ပွဲကို ပွဲစဉ် (၅) အပြီးတွင်အာရှ ယူ-၂၃ ခြေစစ်ပွဲကြောင့် ထပ်မံရပ်နားမည်ဖြစ်ပြီး မတ် ၃၀ ရက်မှ ပြန်လည်ကျင်းပမည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ