မိတ္ထီလာ၊ အောက်တိုဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် မြို့ရှောင်လမ်းမှ ပျော်ကုန်း-အုတ်ဖိုလမ်းအား ကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန သိရသည်။
မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သွားလာရာတွင် အဆင်ပြေစေရန် နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ တံတားတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေ ၁၆၉ ဒသမ ၂၆၀ သန်းဖြင့် ကျေးရွာငါးရွာမှ ဒေသခံပြည်သူများ ဖြတ်သန်းသွားလာသည့် မြို့ရှောင်လမ်းမှ ပျော်ကုန်း-အုတ်ဖိုလမ်း အရှည် ၀/၄ မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၁၅ လက်မရှိ ကတ္တရာခင်းခြင်းလုပ်ငန်းကို မေ ၂၁ ရက်မှစတင်၍ မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ၍ ဆောင်ရွက်ခဲ့ပြီး ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ မြို့ရှောင်လမ်းမှ ပျော်ကုန်း- အုတ်ဖိုလမ်းအား ကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ မုန်ပင်ဆည်၊ ပျော်ကုန်း၊ အုတ်ဖို၊ ကန်တောင်၊ ထနောင်းတောကျေးရွာများမှ ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေချောမွေ့စွာ သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


