နေပြည်တော်  ၄ ဖေဖော်ဝါရီ

 

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ယာဉ်တိုက်မှု ကျူးလွန်သူများကို ကျူးလွန်သော ပြစ်မှုနှင့် အမြင့်ဆုံးပြစ်ဒဏ် ရရှိစေရေးအတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားရှိကြောင်း၊ နေ့စဉ်နှင့်အမျှ ယာဉ်မတော်တဆမှု ဖြစ်ပေါ်နေခြင်းတို့အား လျော့နည်း ကျဆင်းစေရေးအတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းပြီး ယာဉ်တိုက်မှုဖြစ်ပွားသည့် နေရာ/အချိန်တို့ကို စိစစ်သုံးသပ်၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအရ စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေက ပြောသည်။

 

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက် နေ့တွင် ပဲခူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေမှ ပဲခူးမြို့ပေါ်တွင် ယာဉ်နံပါတ်မရှိ၊ လိုင်စင်မရှိ ပြေးဆွဲနေသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ များစွာရှိနေပြီး ယာဉ်မတော် တဆမှုများ ဖြစ်ရာတွင် မောင်းပြေးခြင်းရှိနေပြီး ဖမ်းဆီးရန် ခက်ခဲနေခြင်း၊ မြေသယ်ယာဉ်များ၊ သဲသယ်ယာဉ်များ၊ စပါးခွံဖွဲသယ် ယာဉ်များ အဖုံးအအုပ်မရှိ မလုံမခြုံ သယ်ယူသွားလာနေခြင်းကြောင့် ခရီးသွားခရီးလာသူများအား အန္တရာယ်ပြုနေခြင်း၊ ဖိတ်စင်ကျမှုများကြောင့် လမ်းများညစ်ပတ်နေခြင်း၊ အမှုန်အမွှားများ လွင့်စင်မှုကြောင့် ခရီးသွားလာနေသော ပြည်သူများအား ဒုက္ခပေးနေခြင်း၊ လိုင်စင်မဲ့ဆိုင်ကယ် ဘေးတွဲယာဉ်များ ဦးထုပ်မဆောင်းဘဲ ပြေးဆွဲနေသော ဆိုင်ကယ်များကြောင့် နေ့စဉ်နှင့်အမျှ ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်နေခြင်းတို့အား လက်ရှိအရေးယူ ဆောင်ရွက်နေမှုများမှာ ထိရောက်မှု အားနည်းနေခြင်းကြောင့် မည်ကဲ့သို့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာရေးအတွက် တိုးမြှင့်ဆောင်ရွက်ရန် အစီအစဉ် ရှိ မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် စတင်ဆောင်ရွက်မည်ကို သိရှိလိုကြောင်း” မေးမြန်းမှုကို ဗိုလ်မှူးကြီး လှမျိုးရွှေက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေက “ပဲခူးမြို့အတွင်း ဖြတ်သန်းသွားလာသော လိုင်စင်မဲ့ မော်တော်ယာဉ်များအား ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း လိုင်စင်မဲ့ မော်တော်ယာဉ် (၅၉)စီး ဖမ်းဆီးရမိခဲ့ကာ ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ယနေ့အချိန်ထိ လိုင်စင်မဲ့ မော်တော်ယာဉ် (၇)စီးအား ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များအား ဖမ်းဆီးအရေးယူခဲ့ရာ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ယနေ့အချိန်ထိ လိုင်စင်မဲ့ဆိုင်ကယ် (၂၈၈၇)စီး ဖမ်းဆီးရမိခဲ့ပြီး (၂၂၅၄)စီးအား လိုင်စင်ပြုလုပ်ဆောင်ရွက်ပေးခဲ့ကာ (၆၃၃)စီးအား ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း။

 

မြေသယ်ယာဉ်၊ သဲသယ်ယာဉ်များ၊ စပါးခွံ ဖွဲသယ်ယာဉ်များမှ အဖုံးအအုပ်မရှိ မလုံမခြုံသွားလာနေခြင်းနှင့် ပတ်သက်၍ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအထိ မော်တော်ယာဉ် (၅၅၇)စီးအား ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ယနေ့အချိန်ထိ မော်တော်ယာဉ် (၁၂၂)စီးအား ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း၊ အလားတူ လိုင်စင်မဲ့ ဆိုင်ကယ်ဘေးတွဲယာဉ်များ၊ ဦးထုပ်မဆောင်းဘဲ ပြေးဆွဲနေသော ဆိုင်ကယ်များအား  ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာစေရေးအတွက် ပညာပေးဟောပြောခြင်း၊ ဆိုင်ကယ်ဦးထုပ်များ အခမဲ့ဖြန့်ဝေခြင်း၊ ဖမ်းဆီးအရေး ယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့ ယနေ့အချိန်ထိ ပညာပေးဟောပြောမှု (၁၀၉)ကြိမ်၊ ဆိုက်ကယ်ဦးထုပ် (၄၅၀)လုံး အခမဲ့ဖြန့်ဝေခြင်းနှင့် မော်တော်ဆိုင်ကယ် (၂၅၃၇)စီးအား ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့ ပါကြောင်း။

 

ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမှုမရှိသည့် မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များအား အရေးယူ ဆောင်ရွက်ရာတွင် ယာဉ်မောင်းသူများအား ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှုဖြင့် အရေးယူသည့်အပြင် ယာဉ်မောင်းလိုင်စင် ရှိ၊ မရှိ၊ ဆိုင်ကယ်စီးဦးထုပ် ဆောင်းခြင်း ရှိ၊ မရှိ စိစစ်ပြီး အရေးယူရန်နှင့် ၎င်းတို့ စီးနင်းမောင်းနှင်သော ယာဉ်များကိုလည်း မပြည့်စုံသည့်အချက်များကို ရှာဖွေ၍ အကျုံးဝင်သော ပုဒ်မများဖြင့်ပါ အရေးယူဆောင်ရွက်သွားရန် လက်အောက် ခရိုင်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့များသို့ ညွှန်ကြားကြပ်မတ် ဆောင်ရွက်လျက်ရှိပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ယာဉ်တိုက်မှု ကျူးလွန်သူများကို ကျူးလွန်သော ပြစ်မှုနှင့် အမြင့်ဆုံးပြစ်ဒဏ် ရရှိစေရေးအတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြထားရှိကြောင်း” ပြန်လည်ဖြေကြားခဲ့သည်။

 

MDN
Source; Bago Region Hluttaw