နေပြည်တော်၊  အောက်တိုဘာ ၄

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်၌ စတင်ခဲ့ပြီး အတိုးနှုန်းသက်သာစွာဖြင့် နှစ်တို ၃ နှစ်၊ နှစ်ရှည် ၅ နှစ် အရစ်ကျ ပြန်ဆပ်စနစ်ဖြင့် ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး/ ပြည်နယ် ၄ ခုမှ တောင်သူများအား ချေးငွေကျပ် ၂၄၄၆ ဒသမ ၂၀ သန်း ထုတ်ချေးထား ပြီးဖြစ်ကြောင်း၊  အဆိုပါ စီမံကိန်း စတင်သည်မှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်အထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် ၁၄ ခုနှင့် မြို့နယ် ၁၈၇ ခုတို့မှ တောင်သူ ၅၇၉၀ ဦးတို့ကို ချေးငွေကျပ် ၂၄၄၄၁၃ ဒသမ ၀၇၂ သန်း ထုတ်ချေးပေးထားပြီး ဖြစ်ကြောင်း  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်က ပြောကြားသည်။

ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပသည့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နှစ်ဆင့်‌ချေးငွေစီမံကိန်း ဦးဆောင်ကော်မတီ (၃၁) ကြိမ်မြောက် အစည်းအဝေးတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဒုတိယဝန်ကြီးက ချေးငွေရယူလိုသည့် တောင်သူများသို့ ချေးငွေသစ်များ စဉ်ဆက်မပြတ် ထုတ်ချေးနိုင်ရေးနှင့် ချေးငွေပမာဏ တိုးမြှင့်ထုတ်ချေးနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ချေးငွေအစီအစဉ် ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်းဖြင့် တောင်သူများ၏ ဝင်ငွေတိုးတက်လာစေပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) နှင့် ဘဏ်ခွဲအဆင့်ဆင့် အနေဖြင့် Evaluation & Monitoring ကို စဉ်ဆက်မပြတ် ပြုလုပ်ပြီး ချေးငွေကြွေးကျန် ကျဆင်းရေးအတွက် နည်းလမ်းများရှာကြံ ဆောင်ရွက်ရန်၊ စီမံကိန်းအောင်မြင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်သွားရန်၊ ချေးငွေအစီအစဉ်တွင် လယ်ယာသုံး စက်ကိရိယာ ပါဝင်ရောင်းချသည့် ကုမ္ပဏီများအနေဖြင့်လည်း လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။ 

အဆိုပါ အစည်းအဝေးတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက Two Step Loan ချေးငွေထုတ်ချေးထားမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များကို တင်ပြဆွေးနွေးခဲ့ကြကာ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့မှ ဦးဆောင်ကော်မတီအဖွဲ့ဝင်များက လိုအပ်သည်များ ဝိုင်းဝန်းအကြံပြု  ဆွေးနွေးခဲ့ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်