ဒေါက်တာမောင်သင်း

 

(ယမန်နေ့မှအဆက်)

 

(င)  အဓမ္မကိုတွန်းလှန်ပြီး     ဓမ္မလွှမ်းမိုးရေးကို  တာဝန်ယူနေကြသူများ

 

ကမ္ဘာ့နိုင်ငံများအချင်းချင်း ဖြစ်ပွားနေသော စစ်ပွဲများ၊ ပြည်တွင်းစစ်များနှင့် ပြည်သူများအကြား မပြေလည်မှုများ၊  ပဋိပက္ခများ၊  အဓိကရုဏ်းများ ဖြစ်နေကြခြင်းသည် အစွန်းရောက်မှုအယူအဆများ အားကြီးပြီး တရားမျှတမှုအားနည်းခြင်းကြောင့်ပါ။ ပြီးနောက် တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုအားနည်း ကြသည်လည်း ပါပါသည်။ ထိုအဖြစ်မျိုးကို ပညာကိုယ်ခံစွမ်းအား ကျဆင်းနေသောဒေသများတွင် တွေ့ရပါသည်။ အာဖရိကနှင့် အရှေ့ဥရောပနိုင်ငံ များက ထင်ရှားသောသာဓကများပါ။ ပညာရည် မြင့်မားသည့် ဒေသများတွင် မတွေ့ရပါ။ အနောက် ဥရောပနိုင်ငံများ၊ ကနေဒါနှင့် ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများက သက်သေခံနေပါသည်။ ဘက်စုံအတွေး အခေါ်မှန်ကန်သည့် ပညာဉာဏ်ရင့်သန်မှုသည် ပဋိပက္ခကင်းဝေးရေး၏ အခြေခံအုတ်မြစ်ပါ။ တပည့်များကို သူ့ဘက်၊ ကိုယ့်ဘက်တွေးတတ်၊ မြော်မြင တတ်သော မျိုးဆက်များအဖြစ် လေ့ကျင့်နိုင်သည့် သူများက ကျောင်းဆရာများပါပဲ။

 

ထိုသို့ကမ္ဘာ၌ ပညာမဲ့မှုကြောင့် အဓမ္မလွှမ်းမိုးသည်ကို မျိုးဆက်တစ်ခုပြီးတစ်ခု ပညာစွမ်းအားဖြင့် တိုက်ဖျက်နိုင်စွမ်း ရှိသည့်သူများမှာ “ကျောင်းဆရာ” များဖြစ်သည်ကို အသိအမှတ်ပြုပြီး ကုလသမဂ္ဂအဖွဲ့ကြီး၏ လက်အောက်ခံအဖွဲ့ လေးဖွဲ့က အောက်တိုဘာလ ၅ ရက်နေ့ကို “ကမ္ဘာ့ဆရာများနေ့” အဖြစ် သတ်မှတ် ဂုဏ်ပြုခဲ့ကြပါသည်။ ငြိမ်းချမ်းရေးကို တည်ဆောက်ပြီး ကာကွယ်ထိန်းသိမ်းကြမည့် ငြိမ်းချမ်းရေး ဗိသုကာများက ကျောင်းဆရာများဖြစ်သည်ဟု ခံယူထားကြလို့ပါ။

 

လူ့အဖွဲ့အစည်းတွင် အစွန်းရောက်မှု ကင်းဝေးရေးနှင့် တရားမျှတမှုများ လွှမ်းမိုးရေးမှာ ကျောင်းဆရာများက လေ့ကျင့်ပေးလိုက်သည့် မျိုးဆက်သစ်များ၏ လူမှုပြဿနာအဝဝကို ဓမ္မဓိဋ္ဌာန်ကျနစွာ ချဉ်းကပ်နိုင်မှု စွမ်းအားအပေါ် မှီတည်နေပါသည်။ ကျောင်းဆရာများက ခေတ်အဆက်ဆက်တွင် ပြည်သူများကို “အသိဉာဏ်ဖွင့်၊ ဉာဏ်ပညာ မြှင့်တင်ပေးရင်း လူအချင်းချင်း ဒုက္ခရောက်စေမည့် အဓမ္မဖြစ်ရပ်များ ကင်းစင်ပပျောက်စေပြီး တရားမျှတမှု (ဓမ္မ) လွှမ်းမိုးအောင် တာဝန်ယူနေကြသူ များပါ။” ကျောင်းဆရာသည် တပည့်များကို လိမ္မာယဉ်ကျေးကာ နူးညံ့စိတ်ထားများ ပိုင်ဆိုင်အောင်လေ့ကျင့်ပေးပြီး လူ့ဘောင်လောက ထာဝရငြိမ်းချမ်း သာယာအောင် ဆောင်ရွက်နေကြသူများပါ။

 

(စ) ဒီမိုကရေစီအရည်အသွေးပြည့် နိုင်ငံသားများ  မွေးထုတ်ပေးနေသူများ

 

မြန်မာ့လူ့အဖွဲ့အစည်းကို ဒီမိုကရေစီရှင်သန်ဖို့ အလေးပေးနေသည့်အချိန်တွင် ကျောင်းဆရာက ဒီမိုကရေစီ၏ “စိတ်ထား” “စံ”၊ “အကျင့်” များကို မျိုးဆက်သစ်များတွင် ကြွယ်ဝနေအောင်မလွဲမသွေ လေ့ကျင့်ပေးရပါလိမ့်မည်။ ထိုသို့လေ့ကျင့်ရာတွင် တပည့်များကို သည်းခံစိတ်ရှိအောင်၊ ကိုယ်နှင့် အမြင်မတူသော သူများအပေါ် နားလည်စာနာမှု ထားတတ်အောင် လေ့ကျင့်ပေးနိုင်ရပါမည်။ သို့မှ သာ ငါသာအမှန်ဟူသော အယူမှား ဒိဋ္ဌိမာနတို့ကို လျှော့ချနိုင်ပြီး တစ်ဖက်သားကို နားလည်ပေးနိုင်သူ၊ စာနာစိတ်ရှိသူများ အနာဂတ်လူ့ဘောင်တွင် ပေါကြွယ်ဝနေပါမည်။ ထိုသူများကသာ လူ့ဘောင် ငြိမ်းချမ်းအောင် ဆောင်ရွက်နိုင်လို့ပါ။

 

တပည့်များကို ဘဝနောက်ခံမတူ၊ ကွဲပြားသူများနှင့် ဘုံရည်မှန်းချက်အတွက် အတူတကွ ပူးပေါင်း အလုပ်လုပ်တတ်အောင် လေ့ကျင့်ပေးရပါမည်။ ကျောင်းကောင်စီဖွဲ့စည်းပြီး အတန်းအကျိုး၊ ကျောင်းအကျိုး သယ်ပိုးနိုင်စွမ်းရှိသူ ကျောင်းသား ကိုယ်စားလှယ်ကောင်းကို ရွေးချယ်တတ်သော အလေ့အကျင့်ကောင်းများ ရအောင် ဖန်တီးပေးရပါမည်။ အသင်းစွဲ၊ အတန်းစွဲ၊ ကျောင်းစွဲမှသည် ပါတီစွဲ၊ ဂိုဏ်းဂဏစွဲများကြောင့် ပဋိပက္ခများကို ဖြစ်ပေါ်စေခြင်းမှ ကင်းနိုင်သမျှကင်းအောင် ရှောင်ရှားနိုင်ပြီး မျိုးဆက်သစ်များကို ယထာဘူတကျကျ တွေးခေါ်တတ်အောင် သင်ကြားလေ့ကျင့်ပေးရန် ကျောင်းဆရာများမှာ အဓိက တာဝန်ရှိပါသည်။

 

ပါတီ၊ အဖွဲ့အစည်း၏ အထက်တွင်နိုင်ငံရှိသည်ဆိုသည်နှင့် နိုင်ငံ၏ လွတ်လပ်မှုနှင့် အချုပ်အခြာအာဏာ တည်မြဲမှုက ပါတီတိုင်းတွင် တာဝန်ရှိပြီး ယင်းကိုထိန်းသိမ်းရန် အရေးကြီးကြောင်း မဖြစ်မနေ သင်ကြားပေးရပါမည်။ အငြင်းပွားစရာကိစ္စများ ပေါ်ပေါက်လာလျှင် ကျောင်းဆရာက အဂတိတရား ကင်းကင်းဖြင့် သမာသမတ်ရှိရှိ အဖြေရှာပေးခဲ့ရပါမည်။ ကျောင်းဆရာ၏ တွေးခေါ်စဉ်းစား ချဉ်းကပ်ပုံမှာ သိပ္ပံနည်းကျရမည်၊ ဓမ္မဓိဋ္ဌာန်ဖြစ်ရပါမည်။ အဂတိတရားလေးပါးဖြစ်သည့် ဆန္ဒာဂတိ၊ ဒေါသာဂတိ၊ မောဟာဂတိ၊ ဘယာဂတိ ကင်းရှင်းစွာသင်ပေး၊ အဖြေရှာပေးပြီး အဆိုပါတရားလေးပါးကင်းစွာ ပြုမူနေထိုင် တတ်သူဖြစ်အောင် လေ့ကျင့်ပေးရပါလိမ့်မည်။ ဤသည်မှာ ဒီမိုကရေစီပြည့်ဝသည့် နိုင်ငံသားကောင်း၏ အကျင့်နှင့်လက္ခဏာပါ။

 

မြန်မာတို့၏ ပန်းတနော်အမျိုးသားကျောင်းအုပ် ဆရာကြီးဦးသန့်က “ကျောင်းတွင်း ဒီမိုကရေစီသည် ဒီမိုကရေစီနိုင်ငံ၏ အခြေခံအုတ်မြစ်ကြီးသာလျှင် ဖြစ်၏”ဟူ၍ ခေတ်ကိုကြိုမြင်ကာ မီးမောင်းထိုးပြ ခဲ့ပါသည်။ ကျောင်းတွင်းဒီမိုကရေစီမှသည် မြန်မာ့ဒီမိုကရေစီ လူ့အဖွဲ့အစည်းဆီသို့ ကြွားဝင့်စွာချီတက်နိုင်အောင် ဦးဆောင်လမ်းပြနေသူများကား ကျောင်းဆရာများပါ။ မြန်မာ့လူ့အဖွဲ့အစည်း၏ ဒီမိုကရေစီပန်းတိုင်ကို ချီတက်ရာလမ်းတွင် ခလုတ်တံသင်းကင်းဝေးအောင် ကြိုးပမ်းမည့်သူများက ကျောင်းဆရာများပင် ဖြစ်ပါသည်။ ထိုသို့ ကြိုးပမ်းနိုင်ရန် “ဒီမိုကရေစီအစ စာသင်ကျောင်းက” ဆိုသည်ကို ကျောင်းဆရာများက လေးနက်စွာခံယူ ပြီး မိမိကိုယ်တိုင်ကလည်း လက်တွေ့ကျင့်သုံးနေမှသာ မြန်မာ့ဒီမိုကရေစီခရီးလမ်းလည်း ဖြောင့်ဖြူး သာယာပါလိမ့်မည်။

 

(ဆ) ဘိုးဘွားအမွေအစစ်ကို ထိန်းသိမ်းမြှင့်တင်  စောင့်ရှောက်နေသူများ

 

ခေတ်အဆက်ဆက် တည်တံ့ခဲ့သည့်ပညာရေး ၏ ရည်ရွယ်ချက်နှစ်ချက်မှာ-

 

(က) လူမျိုးတိုင်းက မိမိ၏ ဘိုးဘွားအမွေအနှစ်ကို မြတ်နိုးတတ်၊ ချစ်တတ်ပြီး ကာကွယ် စောင့်ရှောက်တတ်မှုရှိအောင် လေ့ကျင့်ပေးရန်၊

 

(ခ) နောက်မျိုးဆက်သစ်များ အတွက် ကောင်းမွန်သော အမွေအနှစ်များ လက်ဆင့်ကမ်း ထားရစ်ခဲ့ရန်ဆိုသည့် ခံယူချက်ရှိသူများ မွေးထုတ်ပေးရန်. . တို့ဖြစ်ပါသည်။

 

“ဘိုးဘွားအမွေစစ်” အဓိပ္ပာယ်အစစ်အမှန်ကို ကျောင်းဆရာများက တပည့်မျိုးဆက်သစ်များကို ရှင်းပြ၊ သင်ပြပေးရပါမည်။ ပြီးလျှင် ဘာကြောင့် ထိုအမွေကို ချစ်ထိုက်၊ မြတ်နိုးထိုက်ပြီး မပျောက်ပျက်အောင် ထိန်းသိမ်းရမည့် တာဝန်ရှိကြောင်းကိုပါ သင်ပေးရပါမည်။ ထိန်းသိမ်းရုံနှင့်တင် မပြီးသေးပါ။ မိမိလက်ခံရရှိသော ဘိုးဘွားအမွေအနှစ်များကိုလည်း သားစဉ်မြေးဆက်၊ ချစ်ထိုက်၊ မြတ်နိုးထိုက်၊ ကာကွယ်ထိုက်သည့် အဖြစ်မျိုးရောက်အောင် မြှင့်တင်ပေးရမည်ဆိုသည့် ခံယူချက်ရှိလာသည်အထိ လေ့ကျင့်ပေးရမှာပါ။ ထို့နောက်တွင် နောက်မျိုးဆက်ကို လက်ဆင့်ကမ်းပေးဖို့ တာဝန်ရှိကြောင်းကိုပါ သင်ကြားပေးရန် လိုပါသည်။

 

ဘိုးဘွားအမွေအနှစ်ဆိုသည်မှာ နိုင်ငံအတွင်းရှိ ရေ၊ မြေ၊ တောတောင်၊ သယံဇာတများသာမကပါ။ မိမိလူမျိုး၏ စံထားအပ်သော မြင့်မားသည့်စိတ်ထားများ (သူ့ကျွန်မခံလိုသည့် စိတ်ဓာတ်၊ သူများထက် နိမ့်ကျတာမခံချင်စိတ်၊ မိမိအမျိုးကိုမြှင့်တင်လိုစိတ်၊ မိမိလူမျိုးကို ဂုဏ်ယူတန်ဖိုးထားစိတ်၊ ရိုးသားမှုကို ဂုဏ်ယူစိတ်၊ မတရားမှုကိုရွံမုန်းစိတ်) ပြီးနောက် နိုင်ငံလွတ်လပ်ရေး၊ ကိုယ်ပိုင်အချုပ်အခြာအာဏာ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် မိမိလူမျိုး၏ ဘာသာစကား၊ ယဉ်ကျေးမှု၊ စာပေ၊ ဂီတ၊ အနုပညာ၊ ရိုးရာဓလေ့များ အားလုံးသည်လည်း မိမိတို့ဘိုးဘွားများဆီကရခဲ့သည့် မည်သို့မျှ၊ မည်သူမှ တန်ဖိုးဖြတ်နိုင်စွမ်းမရှိသည့် အမွေအစစ်များ ဖြစ်ပါသည်။

 

အဆိုပါအမွေအစစ်၏ တန်ဖိုးများကို ကျောင်းဆရာကိုယ်တိုင်က နားလည်၊ သိရှိ၊ တန်ဖိုး ထားပြီး မိမိ၏ တပည့်များဆီကို လက်ဆင့်ကမ်းပေးရမှာပါ။ ပြီးနောက် ယခုခံစား၊ စံစားနေသည့် ဘိုးဘွားများ၏ အမွေအားလုံးသည် သူတို့၏အသက်၊ သွေး၊ ချွေး၊ အမြော်အမြင်ကြီးမားမှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယများဖြင့် စုပေါင်းညီညာစွာ ဆောင်ရွက်ခဲ့ကြလို့ရခဲ့တာပါ။ ဘိုးစဉ်ဘောင်ဆက် အသက်သွေးနှင့် ပေးပြီးမှ ဖြစ်ထွန်းလာသည့်အမွေအစစ်မှာ တိကျသည့် နယ်နိမိတ်ကို ပိုင်ဆိုင်ခြင်း၊ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းနှင့် အချုပ်အခြာအာဏာ တည်တံ့ခြင်းဆိုသည့် အသီးအပွင့်များကိုရရှိပြီး ယခုမျိုးဆက်များက အဆိုပါအမွေကို သခင်နိုင်ငံသားများအဖြစ် မြိန်ရေရှက်ရေ စားသုံးနေရပါသည်။ ဘယ်သူ့အတွက် ဘိုးဘွားများက ဆောင်ရွက်ခဲ့သည်လည်း ဆိုလျှင် နောင်မျိုးဆက်များအတွက်ပါဆိုတာကိုလည်း ထင်ရှားအောင် သင်ပေးရပါမည်။

 

အဆိုပါ ဘိုးဘွားအမွေအစစ်များ ပျောက်ကွယ်သွားခဲ့လျှင် လွတ်လပ်ရေးလည်း ဆုံးရှုံး၊ အချုပ်အခြာ အာဏာလည်း ကွယ်ပျောက်၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုပျက်ကာ ပြည်ထောင်စုနိုင်ငံဆိုသည်ပါ ပျက်သုဉ်းပြီး ကျွန်ဘဝသို့ ပြန်လည်ရောက်သွား နိုင်ပါသည်။ ထို့အပြင် လူမျိုးတစ်မျိုးဟု အသိအမှတ် ပြုနိုင်သော ဘာသာစကား၊ စာပေ၊ ဂီတ၊ အနုပညာ များလည်း ကွယ်သွားလျှင် မျိုးဆက်သစ်များကို ဘာလူမျိုးရယ်လို့ သတ်မှတ်၍ မဖြစ်တော့သည့်အတွက် လူမျိုးပါ ပျောက်ကွယ်သွားနိုင်ပါသည်။ ထိုဘဝမျိုးမရောက်အောင် ဘိုးဘွားအမွေအစစ်ကို မဖြစ်မနေ ထိန်းသိမ်းသင့်ကြောင်း သင်ပြရမှာပါ။

 

ဘိုးဘွားများ ထိန်းသိမ်းကာကွယ်ကာချန်ထားခဲ့သည့် ရေမြေတောတောင်နှင့် သဘာဝသယံဇာတများသည် ယခုမျိုးဆက် တစ်ဆက်တည်းအတွက်သာ သုံးစွဲရန်မဟုတ်ကြောင်းနှင့် နောင်မျိုးဆက်များ၏ ဘဝ ပြည့်စုံ ကောင်းမွန်ရေးအတွက်ပါ ရည်ရွယ်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လိုသလောက်သာ သုံးစွဲသင့်ကြောင်း၊ အလွန်အကျွံသုံးစွဲမှုမျိုးကို ရှောင်ရှားသင့်ကြောင်း၊ နောင်မျိုးဆက်သစ်များ သုံးစွဲရန် မဖြစ်မနေ ချန်ထားသင့်ကြောင်း၊ ဘိုးဘွားများထားခဲ့သော ရေ၊ မြေ၊ တော၊ တောင်သဘာဝ များကို ပျက်စီးစေမှုမှ ရှောင်ရှားသင့်ကြောင်း၊ မရှောင်ရှားခဲ့ပါက ရာသီဥတုဖောက်ပြန်မှုနှင့် ရေ၊ မြေ၊ လေထုညစ်ညမ်းမှုကြောင့် သဘာဝဘေးဒဏ် အမျိုးမျိုးကို ခံရနိုင်ကြောင်း စသည့်ဆိုးကျိုးများကိုသိရှိပြီး အလေးထားတတ်အောင် သင်ပေးရပါမည်။

 

သို့မှသာ ဘိုးဘွားအမွေအစစ်ကို မြတ်နိုးထိန်းသိမ်းနိုင်ပါမည်။ နောင်မျိုးဆက်များကိုလည်း ချစ်တတ်၊ မြတ်နိုးတတ်၊ ထိန်းသိမ်းကာကွယ် စောင့်ရှောက်တတ်ပြီး နောက်မျိုးဆက်သစ်များအတွက် “အမွေကောင်း၊ အမွေမြတ်” အားလက်ဆင့်ကမ်းပေးရမည်ဆိုသည့် စိတ်ထားနှင့် လက်ဆင့်ကမ်းပေးနိုင်သော ခွန်အားများ ပြည့်စုံအောင် သင်ပေး၊ လေ့ကျင့်ပေးရပါမည်။

 

ငါတို့ဟာ “မြန်မာ”နှင့် ငါတို့ဟာ “မြန်မာနိုင်ငံသား”ပါ

 

နိုင်ငံသားတိုင်းကို ဝင်ရောက်ဖျက်ဆီးနေသည့် အထက်ပါကြီးမားသည့် နိုင်ငံဖျက်၊ အမျိုးဖျက် အန္တရာယ် ခုနစ်သွယ်ကို ကြံ့ကြံ့ခံတွန်းလှန်ကာကွယ်နိုင်မည့် အရင်းခံအကြောင်းတရားမှာ ကျောင်းဆရာများတွင်ရော သူတို့က လေ့ကျင့်ပေးလိုက်သည့် မျိုးဆက်သစ် နိုင်ငံသားတိုင်းမှာပါ “အမျိုးသားရေး ကိုယ်ခံစွမ်း အား” ကြွယ်ဝနေဖို့ပါပဲ။ တကယ်တော့ အမျိုးသား ရေးစိတ်ဓာတ်ဆိုသည်မှာ ဘိုးဘွားများ လက်ဆင့်ကမ်းပေးခဲ့သည့် (နိုင်ငံတည်မင်းသုံးပါး- အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းမင်းတရားနှင့် နိုင်ငံလွတ်လပ်ရေး  ကြိုးပမ်းပေးခဲ့သည့် ခေါင်းဆောင်ကြီးများ) မိမိလူမျိုး၊ မိမိမြေ၊ မိမိ တိုင်းပြည်၏ ကြွယ်ဝမှုတို့ကို ချစ်ပြီး ကာကွယ် နေရန် အဆင့်လောက်နှင့် မလုံလောက်သေးပါ။

 

မျိုးဆက်တိုင်းသည် “မိမိမြေ၊ မိမိနိုင်ငံနှင့် မိမိပြည်သူများက သားစဉ်မြေးဆက် ချစ်ထိုက်၊ မြတ်နိုးထိုက်သည့်မြေ၊ နိုင်ငံနှင့် လူမျိုးဖြစ်အောင် လည်း စွမ်းဆောင်နိုင်စွမ်းရှိရပါမည်။”ဆိုလိုသည်မှာ ကမ္ဘာ့ဘယ်နေရာရောက်ရောက် မိမိနိုင်ငံ၊ မိမိလူမျိုး ကို အစဉ်မြင့်မားအောင်စွမ်းဆောင်ရင်း နိုင်ငံနှင့် လူမျိုး၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်များကို ထိန်းသိမ်း ကာကွယ်မြှင့်တင်နေမှသာလျှင် အမျိုးကို အမှန် တကယ် ချစ်မြတ်နိုးတန်ဖိုးထားသည့် စိတ်ဓာတ်ပါ။

 

ငါတို့ဟာ “မြန်မာ” “မြန်မာနိုင်ငံသား” “မြန်မာ့ မြေမှာ မွေးဖွားခွင့်၊ ရှင်သန်ခွင့်ရတာ ဆုလာဘ် တစ်မျိုး”ပါဟု အမြဲဂုဏ်ယူဝင့်ကြွားနိုင်သူများ ပေါ်ထွန်းလာစေရေးပါ။ ထိုသို့ အမျိုးချစ်၊ အမျိုးမြင့်၊ အမျိုးဂုဏ်တက်စေသည့် စိတ်ထားမျိုး ပိုင်ဆိုင်သည့်လူငယ်များကို ထုနှင့်ထည်နှင့်၊ အုံနှင့်ကျင်းနှင့် မွေးထုတ်ပေးရန်မှာ ယနေ့နှင့် အနာဂတ် မြန်မာ့ကျောင်းဆရာများ၏ ကြီးမားသောစိန်ခေါ်မှုနှင့် တာဝန်ပါပဲ။ ရင်ဆိုင်ကျော်လွှားကာ အောင်မြင်အောင် ထမ်းဆောင်ရပါလိမ့်မည်။

 

ကျောင်းဆရာများသည် အထက်တွင် ဖော်ပြခဲ့သည့် နိုင်ငံနှင့် လူ့အဖွဲ့အစည်းပျက်သုဉ်းစေမည့် အဖျက်ရန်များကို ခေတ်အဆက်ဆက်တွင် ပညာလက်နက်ဖြင့် အသံတိတ်တွန်းလှန်တိုက်ပွဲဝင်ရင်း ဘဝကို ပျော်ရွှင်ချမ်းမြေ့ ကျေနပ်စွာ ဖြတ်သန်းနေကြသူများပါ။ နိုင်ငံတကာတွင် ကျောင်းဆရာများသည် ပညာအားမာန်အပြည့်နှင့် နိုင်ငံ၏ အဖျက်ရန်များကို အင်ပြည့်အားပြည့် ကာကွယ်နိုင်ရန် ၎င်းတို့မှာ “အခြေခိုင်ပြီး ဘဝလုံခြုံသည့် လူနေမှုဘဝ”ကို ပိုင်ဆိုင်နိုင်အောင် ဖြည့်ဆည်းပေးထားကြပါသည်။

 

တကယ်တော့ “လူနေမှုဘဝချို့တဲ့သည့် ကျောင်းဆရာဘဝ” ဖြင့် နိုင်ငံ၏ အလွန်ကြီးမားသော အဖျက်ရန်များကို ကာကွယ်သည့်အခါ “ခါးကမသန်”ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးမှုနှင့် ရှင်သန်မှု၏ ရှေ့တန်းမှာရှိသော “ပညာရေးခံကတုတ်” ကျိုးပေါက်မှာစိုးလို့ပါ။ အဘယ်ကြောင့်ဆိုသော် တိုင်းပြည်၏ဖွံ့ဖြိုးမှုအပေါင်းကို ပျက်သုဉ်းအောင် ဆောင်ကြဉ်းနေသည့် အဖျက်ရန်မှန်သမျှကို ဖိဖိစီးစီး တွန်းလှန်ကာကွယ်နေသော “အမျိုးသားမဏ္ဍိုင်ခံကတုတ်” ကျိုးပေါက်ခဲ့လျှင် တိုင်းတစ်ပါး၏ “အဝေးထိန်းစနစ်ဖြင့် ကျွန်ဇာတ်သွင်းခံဘဝ” ဆိုသည့် “ခေတ်သစ်ကျွန်” ဘဝမျိုး မိမိတို့၏နိုင်ငံနှင့် မျိုးဆက်သစ်များဖြစ်သွားပြီး နောက်ဆုံးတွင် မျိုးသုဉ်းပျောက်ကွယ်သွားနိုင် သည့်အဖြစ်မျိုး ရောက်သွားနိုင်သည်မို့ပါ။ ထိုအဖြစ်မျိုးမရောက်ရန် ပညာရေးခံကတုတ်က စွမ်းစွမ်းတမံ ကာကွယ်ပေးနေကြသည့် ယနေ့ကျောင်းဆရာတို့၏ “လူနေမှုဘဝလုံခြုံရေး”ကိုလည်း မပြတ်ဖြည့်ဆည်းပေးနေသင့်ပါကြောင်း ကျောင်းဆရာ (ငြိမ်း) ဖြစ်သည့် မိမိ၏အမြင်ကို တင်ပြရင်း ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုရေးသား အပ်ပါသည်။

 

(လူ့သမိုင်းတစ်လျှောက် ပေါ်ထွန်းခဲ့သော ဤကမ္ဘာကြီးကို အန္တရာယ်ကင်းကင်းဖြင့် သာယာဖွံ့ဖြိုးအောင်နှင့် အစဉ်လေ့လာသင်ယူနေသည့် လူ့အဖွဲ့အစည်းဖြစ်အောင် ကိုယ်စိတ်နှလုံးသုံးပါးလုံး နှစ်မြှုပ်၍ စွမ်းဆောင်ခဲ့ကြသော စွမ်းဆောင်နေဆဲ ဖြစ်ကြသည့် အနန္တဂိုဏ်းဝင် ကျောင်းဆရာများ အားလုံး၏ ဂုဏ်ကျေးဇူးကို ပူဇော်ဦးခိုက်လျက်)