ဒိုဟာ အောက်တိုဘာ ၄

တတိယအကြိမ်မြောက် အာရှပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ထိပ်သီး အစည်းအဝေးသို့ ပါဝင်တက်ရောက်ရန် ဒိုဟာမြို့၌ ရောက်ရှိနေသည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အောက်တိုဘာ ၃ ရက် က ကာဂျစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာအီဒေးဘိုင်ဆလော့ဗ်နှင့်  လည်းကောင်း၊ နီပေါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ  အာဇူရာနာဒူဘာနှင့် လည်းကောင်း ဒိုဟာမြို့ရှိ ရစ်ကာလ်တန်ဟိုတယ်၌ တွေ့ဆုံသည်။

 

အမြင်ချင်းဖလှယ်ဆွေးနွေး

 

ကာဂျစ် ဒုတိယဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ထည့်သွင်းရှင်းလင်းပြောကြားပြီး မြန်မာ-ကာဂျစ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေရေး၊ ကုလသမဂ္ဂနှင့် အေစီဒီအဖွဲ့တွင်း ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များအပေါ် ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။

 

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် နီပေါနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် မြန်မာနှင့် နီပေါနှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံအကြား ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ၌ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး၊ ကျောင်းသားဖလှယ်ရေး အစီအစဉ်များ ဖော်ထုတ်ရေး၊ အေစီဒီနှင့် ဘင်းမ်စတက် မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များအပေါ် ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

ထို့ပြင် တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများကို တိုက်ဖျက် ရေးနှင့် အွန်လိုင်းလိမ်လည်မှုများ ပပျောက်ရေးအပေါ် မြန်မာနိုင်ငံမှ ဆောင်ရွက်နေမှုများကို ထည့်သွင်း ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့ပြင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် တတိယအကြိမ် အာရှပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ၏ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ဒိုဟာမြို့သို့အသွား ဗန်ကောက်မြို့၌ ခရီးတစ်ထောက် ရပ်နားစဉ် အောက်တိုဘာ ၁ ရက်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာရစ်ဆတ်ငီယမ်ဖုန်နှင့် ဗန်ကောက်မြို့ရှိ အင်တာကွန်တီနန်တယ်လ် ဟိုတယ်၌ တွေ့ဆုံခဲ့ပြီး မြန်မာနှင့်ထိုင်းနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ အေစီဒီ၊ အာဆီယံနှင့် ဘင်းမ်စတက် မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များအပေါ် ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။

 

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လာမည့် ၂၀၂၅ ခုနှစ်တွင် အေစီဒီဥက္ကဋ္ဌ အဖြစ် တာဝန်လွှဲပြောင်းထမ်းဆောင်မည့် ထိုင်းနိုင်ငံ၏ အရေးပါသည့် အခန်းကဏ္ဍအပေါ် ကြိုဆိုကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

 

ထို့အတူ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် လိုက်ပါလာသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းသည်လည်း ထိပ်သီးအစည်းအဝေး ကာလအတွင်း အောက်တိုဘာ ၂ ရက်က ကျင်းပခဲ့သည့် စီးပွားရေးဖိုရမ်နှင့် စီးပွားရေးဆိုင်ရာ အစည်းအဝေးများ(B2B Meetings)သို့ တက်ရောက်ကာ စီးပွားရေးဖိုရမ်၌ မိန့်ခွန်းတစ်ရပ် ပါဝင်ပြောကြားခဲ့သည်။

 

ဒုတိယဝန်ကြီးက ၎င်း၏ မိန့်ခွန်း၌ အေအိုင်/ဉာဏ်ရည်တု နည်းပညာ၊ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုနှင့် သက်ဆိုင်သည့် စီးပွားရေးပုံစံသစ်များနှင့် ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့သည်။ အလားတူ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးသည် အောက်တိုဘာ ၂ ရက် က ကျင်းပခဲ့သည့် အားကစားဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်