နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးရေးသည် အရေးကြီးသောလုပ်ငန်းစဉ်ဖြစ်သည်။ တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးပါမှ အဆိုပါနိုင်ငံတွင် မှီတင်းနေထိုင်ကြသော ပြည်သူအားလုံး ကိုယ်စိတ်နှလုံး အေးချမ်းပြီး လုံခြုံစိတ်ချရသော လူ့ဘောင်အသိုက်အဝန်းတွင် အေးချမ်းစွာ နေထိုင်လုပ်ကိုင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ သို့မှသာပြည်သူများ၏ လူမှုဘဝနှင့် စီးပွားရေးပါ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် နိုင်ငံတော်အစိုးရအနေဖြင့် ဒို့တာဝန် အရေး (၃) ပါးကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ် အောင်မြင်စေရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေး အပြည့်အဝရရှိရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ပြည်တွင်း/ပြည်ပ အဖျက်သမားများ၏ နှောင့်ယှက်ဖျက်ဆီးမှုများကြောင့် မြန်မာနိုင်ငံ၏ အချို့ဒေသများတွင် ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ထိခိုက်လျက်ရှိသည်ကို မြင်တွေ့ကြားသိရမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရက တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို နိုင်ငံတစ်ဝန်းလုံး လွှမ်းခြုံ ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်နှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ပြုလုပ်လျက်ရှိသည့် အကြမ်းဖက်အဖျက်သမားများကို တိုက်ဖျက်ချေမှုန်းလျက်ရှိသည်။ ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ် တားဆီးရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းဆောင်ရွက်ရေးသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက် တာဝန်(၄)ရပ်ဖြစ်ပြီး ယင်းတာဝန်များကို တပ်မတော်နှင့်အတူ ပြည်သူလူထုနှင့်လက်တွဲ၍ ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။
ဒီမိုကရေစီနိုင်ငံတွင် ရပ်ရွာလုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးတာဝန်များကို ရဲတပ်ဖွဲ့ကအဓိကတာဝန်ယူ ထမ်းဆောင်ကြသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပြစ်မှုများမဖြစ်အောင် ကြိုတင်ကာကွယ်ရေး၊ ဖြစ်ပွားပြီးပြစ်မှုများ စုံစမ်းဖော်ထုတ် တရားစွဲတင်ရေး၊ နိုင်ငံတော်အတွင်း စည်းကမ်းသေဝပ်တည်ငြိမ်ရေး၊ ပြည်သူလူထု လုံခြုံရေး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်ကို တားဆီးနှိမ်နင်းရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရေး လုပ်ငန်းတာဝန်(၆)ရပ်ကို အောင်မြင်အောင် ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထု၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ပေးရသလို ပြည်သူလူထုကလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက်များကို နားလည်သဘောပေါက်ပြီး အသိအမှတ်ပြုပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ လောကတွင် ပြည်သူလူထုအကျိုးကို အစဉ်အမြဲ ဆောင်ရွက်ပေးနေကြသည့် ဆရာ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လုံခြုံရေးနှင့် ကာကွယ်ရေးကို သက်စွန့်ကြိုးပမ်းဆောင်ရွက်ပေးနေကြသူများကို မွန်မြတ်သည့် စေတနာ့ဝန်ထမ်းများဟု ခေါ်ဆိုကြသည်။ မွန်မြတ်သော ရည်ရွယ်ချက်များနှင့်အညီ ပြည်သူလူထု ယုံကြည်စိတ်ချအားကိုးလောက်အောင် ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်သည်။
နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ‘မျိုးချစ်စိတ်ရှိရမည်၊ စွမ်းရည်ပြည့်ဝရမည်၊ ခေတ်မီရမည်’ ဆိုသည့် မျှော်မှန်းချက်များနှင့် တည်ဆောက်ရာတွင် အဖွဲ့အစည်းကောင်းတစ်ခု၏ အနှစ်သာရ ဖြစ်သည့် စိတ်ဓာတ်ကောင်းမွန်ရေး၊ စွမ်းရည်ပြည့်ဝရေးနှင့် တာဝန်ကျေပွန်ရေး စသည်များကို စဉ်ဆက်မပြတ် ဆက်လက်ခံယူလေ့ကျင့်ဆောင်ရွက်သွားကြရန်၊ ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် ရာတွင်လည်း ရဲလုပ်ငန်းကျွမ်းကျင်မှု၊ ရိုးသားဖြောင့်မတ်မှု၊ သမာသမတ်ရှိမှုနှင့် ကျေပွန်စွာထမ်းဆောင်ရင်း ဂုဏ်သိက္ခာမြင့်မားပြီး ပြည်သူက လေးစားအားကိုးရလောက်သည့် ဥပဒေဘက်တော်သားများ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ပန်ဆင်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရည်မှန်းချက် တာဝန်(၄)ရပ်နှင့် လုပ်ငန်းတာဝန်(၆)ရပ်တို့ကို အောင်မြင်အောင် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်” တိုက်တွန်း ပြောကြားထားသည်။
သို့ဖြစ်ရာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို နှောင့်ယှက်ဖျက်ဆီးနေကြသည့် အကြမ်းဖက်အဖျက်သမားများနှင့် ဒုစရိုက်သမားများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအပါအဝင် လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးကို ပြည်သူလူထုနှင့် လက်တွဲပူးပေါင်းပြီး အရှိန်အဟုန်မြှင့် တိုက်ဖျက် နေပြီဖြစ်ရာ ပြည်သူများ၏ လူမှုစီးပွားဘဝ တည်ငြိမ်ဖွံ့ဖြိုးတိုးတက်လာရေးတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း။
ကြေးမုံ