တီဟီရန်    အောက်တိုဘာ   

 

အီရန်သည်လိုအပ်ပါက အစ္စရေးကို ထပ်မံတိုက်ခိုက်သွားမည်ဖြစ်ကြောင်း အီရန်ခေါင်းဆောင်    အယာတိုလာအလီခါမေနီက အောက်တိုဘာ ၄ ရက်တွင် ပြောကြားသည်။

 

အောက်တိုဘာ ၄ ရက်တွင် ကျင်းပသည့် ဘာသာရေးဝတ်ပြုပွဲတွင် ၎င်းကပြောကြားရာ၌ မကြာသေးမီက ဆောင်ရွက်ခဲ့သည့် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများသည် အီရန်တပ်ဖွဲ့၏ ပြောင်မြောက်သော ဆောင်ရွက်ချက်ဖြစ်သည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

 

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် အစ္စရေးတောင်ပိုင်းကို ဟားမတ်စ်အဖွဲ့က တိုက်ခိုက်ခြင်းသည် တရားဝင်သောလုပ်ရပ် ဖြစ်သည်ဟု ၎င်းကပြောကြားသည်။ လက်ရှိတွင် အီရန်၏ တိုက်ခိုက်မှုအပေါ် အစ္စရေးက လက်တုံ့ပြန်လာနိုင်သည့် အခြေအနေရှိပြီး အစ္စရေးအနေဖြင့်လည်း အီရန်၏နျူကလီးယား ထုတ်လုပ်ရေး နယ်မြေများကို တိုက်ခိုက်ခြင်းမပြုပါဟု အမေရိကန်အား အာမခံချက်မပေးထားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

လက်ရှိအချိန်တွင် အစ္စရေးသည် လက်ဘနွန်တွင် တိုက်ခိုက်မှုများ အများအပြား ဆောင်ရွက်နေသည်။   ယင်းတိုက်ခိုက်မှုများကြောင့်  စစ်ဘေးရှောင်များ  အသုံးပြုရာ လမ်းကြောင်းများ ပြတ်တောက်ခဲ့သည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ