မောင်မောင်စွယ်စုံထွန်း

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်ဥပဒေပုဒ်မ (၄၁) နှင့်အညီ လျှပ်စစ်စွမ်းအားကဏ္ဍ  ဖွံ့ဖြိုးတိုးတက်စေရေးအတွက်  နိုင်ငံတော်ဘတ်ဂျက်မှ နှစ်စဉ်စိုက်ထုတ်ကျခံသုံးစွဲရမှုကို လျှော့ချနိုင်ရန် ထုတ်လုပ်မှု ကုန်ကျစရိတ်များကာမိစေသော လျှပ်စစ်ဓာတ်အားခနှုန်းထားများကို ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၄) သဘောတူညီချက်ဖြင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှစ၍ ပြင်ဆင်သတ်မှတ်ခဲ့ပြီးဖြစ်ပါသည်။

 

ထိုသို့လျှပ်စစ်ဓာတ်အားခ တိုးမြှင့်သတ်မှတ်လိုက်ခြင်းနှင့်စပ်လျဉ်း၍ ပြည်သူများအကြားနှင့် လူမှုစီးပွား နယ်ပယ်များတွင် များစွာဂယက်ရိုက်ခတ် မှုများရှိခဲ့သည်။ နိုင်ငံတော်ဘက်ကလည်း နှစ်စဉ် စိုက်ထုတ် ကျခံနေရမှုများ လွန်စွာများပြားလာသဖြင့် အထိုက်အလျောက်သက်သာစေရန် မလွှဲမရှောင်သာ တိုးမြှင့်ခဲ့ရခြင်းဖြစ်ပြီး ထိုသို့တိုးမြှင့်လိုက်သော် လည်း နိုင်ငံတော်ဘက်က ဆက်လက်စိုက်ထုတ် သုံးစွဲရဦးမည်ဖြစ်သဖြင့် အစိုးရနှင့်ပြည်သူ နှစ်ဦးနှစ်ဖက်အကျိုးရှိစေရန်ရည်ရွယ်၍ ဖြစ်သင့်ဖြစ်ထိုက်သော  အခြေအနေမှန်အရ နိုင်ငံတော်ဘက်က များစွာစဉ်းစားဆောင်ရွက်ခဲ့ခြင်းကို  သိရှိကြရန် လိုအပ်နေပါသည်။

 

လျှပ်စစ်ဓာတ်အားပိုမိုထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်

 

ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် လျှပ်စစ်ဓာတ်အား ရရှိရေးသည်  အဓိက ကျသောကြောင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးများနှင့် ဓာတ်အားလိုင်းကြီးများ၊ ဓာတ်အားခွဲရုံများကို အဆင့်မြှင့်တင်ခြင်း၊  တိုးချဲ့တည်ဆောက်ခြင်း၊  ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများဖြင့် ဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများအား တည်ငြိမ်သော လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

 

သို့ရာတွင် ဘဏ္ဍာရေးနှစ်အလိုက် ထုတ်လုပ်မှုစရိတ် များစွာမြင့်မားလာသဖြင့် လျှပ်စစ်ဓာတ်အားခ နှုန်းထားများကို မဖြစ်မနေ ပြင်ဆင်သတ်မှတ်ရန် လိုအပ်လာသဖြင့် ပြင်ဆင်သတ်မှတ်ခဲ့ရခြင်းသာ ဖြစ်ပြီး လူတန်းစားအလွှာအလိုက် အဆင်ပြေစေရန် အလို့ငှာအနည်းအများကွာခြားမှုသာရှိပါသည်။ အဆလိုက် တက်ခြင်းမျိုး မဟုတ်ဘဲ အနည်းငယ်မျှသာ တက်သည့်နှုန်းထားဖြစ်သော်လည်း အဆိုးမြင် သမားအချို့မှာ ပြည်သူကို ထင်ယောင်ထင်မှားဖြစ်စေရန် အမျိုးမျိုးပြောဆို‌ရေးသားနေကြသဖြင့် ဤဆောင်းပါးအား ရေးသားတင်ပြလိုက်ရခြင်း ဖြစ်ပါသည်။

 

မီတာခတိုးမြှင့်ကောက်ခံရသည့် ရည်ရွယ်ချက်မှာ နှစ်မျိုးတည်းသာရှိသည်။ ပထမအချက်မှာ ဌာနမှဝင်ငွေ တိုးတက်ရရှိ၍ လျှပ်စစ်စွမ်းအားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဒုတိယအချက်အနေဖြင့် မလုံမလောက် ဖြစ်နေသည့် လျှပ်စစ်ဓာတ်အားကို မလိုအပ်လျှင်မသုံးဘဲ လိုအပ်သလောက်သာ သုံးစေလိုသော ရည်ရွယ်ချက်များပင်ဖြစ်ပါသည်။

 

လက်ရှိမြန်မာနိုင်ငံအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် လျှပ်စစ်ဓာတ်အားကို လုံလောက်စွာ ဖြန့်ဖြူးနိုင်ခြင်း မရှိသေးပါ။ အမှန်လိုအပ်နေသည် မှာ မဂ္ဂါဝပ် ၆၀၀၀ ခန့်ဖြစ်သော်လည်း ပျမ်းမျှ အားဖြင့် မဂ္ဂါဝပ် ၂၅၀၀ ဝန်းကျင်ကိုသာ ကြိုးစားဖြန့်ဖြူးပေးနိုင်သေးရာ ပြည်သူတို့အနေဖြင့် မလိုအပ်ဘဲလျှပ်စစ်ဓာတ်အားကို မသုံးစွဲခြင်းဖြင့် ယခုကဲ့သို့ ဓာတ်အားမလုံလောက်ချိန်တွင် အခြားအ‌ရေးကြီးလိုအပ်သော ဆေးရုံ၊ စာသင်ကျောင်း စသည်တို့ကို ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်မည် ဖြစ်ပါသည်။ နံနက်အလင်းရောင်ရှိသည့် အချိန်မျိုးတွင် လမ်းမီးများ၊ လုံခြုံရေးမီးများနှင့် အခြားမလိုအပ်သောမီးများ ပိတ်ထားခြင်းဖြင့် လျှပ်စစ်မီးကို ပိုမို၍ အချိန်ပြည့်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ရုံမက ပိုလျှံလာပါက နိုင်ငံတော်ဓာတ်အားစနစ်မှ ကျန်မီး မရရှိသေးသော အိမ်ထောင်စုများသို့ ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်လာမည်ဖြစ်ပါသည်။

 

နေအိမ်တစ်အိမ်လျှင် သို့မဟုတ် မိသားစုတစ်စုလျှင် အသုံးပြုရန်မလိုသေးသော ၄၀ ဝပ်အားရှိ လေးပေမီးချောင်းတစ်ချောင်းနှင့် ၆၀ ဝပ်အားရှိ မီးသီးတစ်လုံး စုစုပေါင်း ၁၀၀ ဝပ် ခန့်ကို ပိတ်ပေးထားခြင်းဖြင့် လက်ရှိနိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲနေသော အိမ်ထောင်စု နှစ်သန်းကျော်ခန့်နှင့် တွက်ချက်ကြည့်ပါလျှင် မဂ္ဂါဝပ် ၂၀၀ ဓာတ်အား ထုတ်လုပ်ပေးနိုင်သော ဓာတ်အားပေးစက်ရုံတစ်ရုံ အသစ်တည်ဆောက် ခြင်းနှင့် အလားတူ အကျိုးသက်ရောက်မှုများ ရရှိ လာစေမည်ဖြစ်ပါသည်။

 

ဤနေရာတွင် လျှပ်စစ်မီးအားလုံးပိတ်ထားရန် ချွေတာစေခြင်းမျိုးမဟုတ်ဘဲ မလိုအပ်ပါက (အသုံး ပြုရန်မလိုပါက) မီးပိတ်ထားစေခြင်းမျိုးသာဖြစ်သည် ကိုလည်း သတိပြုကြစေလိုပါသည်။ မီးသုံးသူ ပြည်သူများအနေဖြင့် ထိုသို့လျှပ်စစ်မီးကို မလိုအပ်သောနေရာများတွင် အသုံးမပြုခြင်းဖြင့် လျှပ်စစ် မီတာခကိုလည်း များစွာသက်သာလာမည်ဖြစ်ပါသည်။ ပထမ ယူနစ် ၂၀၀ အထိ အလင်းရောင်နှင့် ရေတင်ခြင်းစသည့်အိမ်သုံး သုံးစွဲသူ ( ၃ဝ ရာခိုင်နှုန်း သောပြည်သူ) များအတွက် ဓာတ်အားခနည်းနည်း သာတိုးပါသည်။ လျှပ်စီးကြောင်းပမာဏများများ သုံးသည့် Hot Plate နှင့် Aircon၊ ဒယ်နီစသည်တို့ကို သုံးစွဲသူများအတွက်လည်း နိုင်ငံတော်က ထုတ်လုပ်စရိတ်ကာမိစေရန် စီစဉ်ဆောင်ရွက်ထားခြင်းဖြစ်သဖြင့် ချွှေတာသုံးစွဲကြခြင်းဖြင့် ပြည်သူများလျှပ်စစ် ဓာတ်အားပိုမိုရရှိလာစေပါမည်။ လျှပ်စစ်ဓာတ်အား ပြတ်တောက်ချိန်များ ပိုမိုလျော့နည်းလာစေမည့် အကျိုးကျေးဇူးများကို ရရှိခံစားကြရမည် ဖြစ်ပါသည်။

 

ဓာတ်အားအလေအလွင့်ဆုံးရှုံးနေမှုများ လျော့နည်းကျဆင်းလာစေရန်ရည်ရွယ်

 

လျှပ်စစ်ဓာတ်အားခများကို တိုးမြှင့်ကောက်ခံလိုက်ခြင်းဖြင့် ဓာတ်အားသုံးစွဲသူများက လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲလာပြီး မလိုအပ်ဘဲ ဓာတ်အားအလေအလွင့်ဆုံးရှုံးနေမှုများ လျော့နည်းကျဆင်းလာစေရန် ရည်ရွယ်သော်လည်း အခြား တစ်ဖက်တွင် လျှပ်စစ်ဓာတ်အားကို လျှော့မသုံးဘဲ ဓာတ်အားခိုးယူသုံးစွဲခြင်း သို့မဟုတ် တရားမဝင်လျှပ်စစ်ဓာတ်အား ရယူသုံးစွဲမှုများ ဖြစ်လာနိုင်ခြေလည်း ရှိနေပြန်ပါသည်။ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်မည့်ကြေညာချက်ပေါ်ထွက်ပြီးကတည်းက လူမှုကွန်ရက်စာမျက်နှာများတွင် မီတာခတိုးမပေးရအောင် လျှပ်စစ်မီတာကို တရားမဝင်ပြုလုပ်ရန် ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များဖြင့် ပြုလုပ်ပြသထားသည်များ ပျံ့နှံ့လာသည်ကို တွေ့ရှိနေရသဖြင့် ပြည်သူများ လိုက်မလုပ်မိကြစေရန် အထူးလိုအပ်ပါသည်။

 

မီတာခနှုန်းထားများ မတက်မီကပင် ပြည်သူအချို့နှင့် လုပ်ငန်းရှင်အချို့တို့သည် မိမိတို့ ဓာတ်အားခ သက်သာစေရေးအတွက် လျှပ်စစ်ဝန်ထမ်းဟောင်းအချို့နှင့် လက်ရှိအကျင့်ပျက်ဝန်ထမ်းအချို့တို့ဖြင့် ပူးပေါင်းကာ တရားမဝင်ဓာတ်အားသုံးစွဲမှုများကို ဆောင်ရွက်လျက်ရှိရာ မီတာခတက်ပြီးနောက် မီးခိုးမှု ပိုမိုလုပ်ဆောင်လာနိုင်မည့် အခြေအနေလည်း ရှိနေပြန်ပါသည်။ ထိုသို့ ဖြစ်ပေါ်လာပါက နိုင်ငံတော်က မျှော်မှန်းသလို ဖြစ်လာနိုင်တော့မည် မဟုတ်ဘဲ ဓာတ်အားပျောက်ဆုံးမှုများ ပိုမိုများပြားလာသလို လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများလည်း ပိုမိုဖြစ်ပေါ်လာနိုင်ပါသည်။

 

သို့ဖြစ်၍ လျှပ်စစ်မီးပိုမိုရရှိလာရေးအတွက် ပြည်သူတစ်ဦးချင်း၊ တစ်ယောက်ချင်းမှ အသိ စိတ်ဓာတ်ရှိရှိဖြင့် မလိုအပ်သေးပါက လျှပ်စစ် ဓာတ်အားကို မသုံးစွဲခြင်း၊ လျှပ်စစ်ဓာတ်အားကို တရားမဝင် ခိုးယူသုံးစွဲခြင်းမျိုးမှ ရှောင်ကြဉ်ကြရေးမှာ အထူးအရေးကြီးလှပါသည်။ မည်သူသေသေ ငတေမာလျှင်ပြီးရော စိတ်ဓာတ်ရှိသူများကိုလည်း ပြည်သူများပူးပေါင်း၍ ဝိုင်းဝန်းဖော်ထုတ်ပေးနိုင်မှသာ နိုင်ငံတော်က ဓာတ်အားခအနည်းငယ်သာ တိုးမြှင့်ကောက်ခံပြီး လျှပ်စစ်ဓာတ်အား ပိုမိုရရှိစေနိုင်ရေး မျှော်မှန်းချက်မှာ အောင်မြင်မှုများရရှိလာ နိုင်မည်ဖြစ်ပါသည်။

 

တရားမဝင်ဓာတ်အားသုံးစွဲမှုများကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်တော့မည်

 

ယခုအခါ ပညာပေးကာလအနေဖြင့် တရားမဝင်သုံးစွဲမှုများကို ဖြေလျှော့၍ အရေးယူဆောင်ရွက် လျက်ရှိသော်လည်း အနာဂတ်ကာလတွင် တရားမဝင်ဓာတ်အားသုံးစွဲမှုများကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်တော့မည်ဖြစ်ရာ တရားမဝင်ဓာတ်အားသုံးစွဲသူများနှင့် အကျင့်ပျက်ဝန်ထမ်း များအနေဖြင့် အထူးဆင်ခြင်ကြရန် အချိန်ကာလလည်းဖြစ်ပါသည်။ မကြာသေးမီကာလက အရေးယူခဲ့ရသော ဖြစ်ရပ်အချို့ကိုလည်း ပြည်သူ တို့ သိရှိနိုင်စေရန် အနည်းငယ်ဖော်ပြလိုပါသည်။

 

ပထမဆုံးတင်ပြလိုသော အမှုဖြစ်စဉ်တစ်ခုမှာ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ရွှေလင်ပန်း စက်မှုဇုန်ရှိ ရေခဲစက်တစ်ခုတွင် ဖြစ်ပွားခဲ့သောဖြစ်စဉ်ဖြစ်သည်။ အဆိုပါဖြစ်စဉ်တွင် ဓာတ်အားခ သက်သာစေရန် မီတာကိုပြုပြင် ဆောင်ရွက်ခဲ့ခြင်းဖြစ်၍ မီတာကို ပြုပြင်ဆောင်ရွက်ပေးသူ အခြားမြို့နယ်မှ ဝန်ထမ်းနှစ်ဦးနှင့်အတူ ပြုပြင်ဆောင်ရွက်ရန်စေခိုင်းသူ ရေခဲစက်မန်နေဂျာဖြစ်သူတို့အား လျှပ်စစ်ဥပဒေပုဒ်မ (၅၃) ကို ဖောက်ဖျက်ကျူးလွန်ခဲ့သဖြင့် ဥပဒေပုဒ်မ (၆၃) အရ တရားစွဲဆိုထားသည့်အပြင် ရေခဲစက်ရုံကိုလည်း နစ်နာကြေးငွေ သိန်းတစ်ထောင်ကျော် ပြန်လည်ပေးသွင်းစေခဲ့သော အမှုဖြစ်သည်။

 

ဒုတိယအနေဖြင့် စိတ်ဝင်စားဖွယ်ရာအမှုဖြစ်စဉ် တစ်ခုကိုလည်း ဖော်ပြပေးလိုပါသည်။ အိမ်ရှင်မှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်မှဖြစ်ကာ ပြည်ပသို့ခရီးသွားရောက်နေပြီး နေအိမ်အား ငှားရမ်းထားခဲ့ရာ အိမ်ငှားဖြစ်သူက အိမ်သုံးမီတာအား ခွထောက် (By pass) ပြုလုပ်ကာသုံးစွဲခဲ့သော အမှုဖြစ်စဉ်ဖြစ်သည်။ ဥပဒေအရ အိမ်ရှင်တွင်သာ တာဝန်ရှိသဖြင့် အိမ်ရှင်ဖြစ်သူအား နစ်နာကြေးငွေ ဆယ်သိန်း ကျော်ပေးသွင်းစေပြီး လျှပ်စစ်ဥပဒေအရ အမှုဖွင့်တရားစွဲဆိုထားသော ဖြစ်စဉ်ဖြစ်သည်။ အဆိုပါ ဖြစ်စဉ်နှစ်ခုမှာ လက်ရှိတွင် တရားစွဲဆိုထားခြင်းမှ ကင်းလွတ်ခွင့်ပြုပါရန် ကာယကံရှင်တို့က အသနားခံတင်ပြထားဆဲသာဖြစ်ပြီး အပြီးသတ် ဆုံးဖြတ်ချက်ချမှတ်ထားခြင်းမရှိသေးဟု သိရပါသည်။

 

ထို့အပြင် အခြားစိတ်ဝင်စားဖွယ်ရာ အမှုဖြစ်စဉ်တစ်ခုမှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အရှေ့) မြို့နယ်မှဖြစ်ကာ အဆောင်လုပ်ငန်း လုပ်ကိုင်သူတစ်ဦး၏ ပါဝါမီတာမှာ Over Load သုံးစွဲ၍ လောင်ကျွမ်းပျက်စီးခဲ့ခြင်းကို မြို့နယ်လျှပ်စစ်ရုံးသို့ တရားဝင်တင်ပြခြင်းမရှိဘဲ လျှပ်စစ်ရုံးမှ နေ့စားဝန်ထမ်းများ အားငွေပေး၍ ပြုပြင်စေခိုင်းခဲ့သော ဖြစ်စဉ်ဖြစ်သည်။ အဆိုပါနေ့စားဝန်ထမ်းများကို ယခုအခါ တာဝန်မှရပ်စဲထားပြီး ဖြစ်သည့်အပြင် ကာယကံရှင်ကိုလည်း နစ်နာကြေးတောင်းခံရန်နှင့် အမှုဖွင့်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

 

အဆိုပါဖြစ်စဉ်များကို လေ့လာကြည့်ရှုခြင်းဖြင့် တရားမဝင်ဓာတ်အားသုံးစွဲမှုများကို စစ်ဆေးတွေ့ရှိလျှင် နစ်နာကြေး တောင်းခံပေးသွင်းရုံမျှဖြင့် ရရှိတော့မည်မဟုတ်ဘဲ လျှပ်စစ်ဥပဒေများဖြင့်ပါ အမှုဖွင့် တရားစွဲဆိုခံရပြီး ချက်ချင်းအာမခံမရဘဲ အချုပ်အနှောင်ခံရနိုင်သည် ဆိုခြင်းကို ပြည်သူများ အထူးသတိပြု မိကြစေလိုပါသည်။ ဤနေရာတွင် လျှပ်စစ်ဥပဒေပုဒ်မ (၅၃)နှင့်(၆၃)တို့ကို ဖော်ပြပေး လိုပါသည်။

 

ပုဒ်မ(၅၃) ။    ။ မည်သူမျှလျှပ်စီးကြောင်းလွှဲပေးခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းကို ဖြတ်တောက်ခြင်း၊ လျှပ်စစ်ဆိုင်ရာလုပ်ငန်းတစ်ခုခုတွင် အသုံးပြုသည့် လျှပ်စစ်ပစ္စည်းကိရိယာများကို ဖျက်ဆီးခြင်းမပြုရ (တရားမဝင်ချိတ်ဆွဲ အသုံးပြုခြင်းနှင့် လျှပ်စစ်မီတာအားမသမာပြုလုပ်၍ ဓာတ်အားခိုးယူခြင်းတို့အတွက်မပြုလုပ်ရန် တားမြစ်ထားသောပုဒ်မဖြစ်ပါသည်။)

 

အဆိုပါ ပုဒ်မ (၅၃) ကိုချိုးဖောက်ကြောင်း သက်သေထင်ရှားလျှင် လျှပ်စစ်ဥပဒေပုဒ်မ (၆၃) အရ အနည်းဆုံးငါးနှစ်မှ အများဆုံး ၁၀ နှစ်အထိ ထောင်ဒဏ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဖော်ပြထားရာ အဆိုပါဥပဒေပုဒ်မများသည် မည်မျှကြီးလေးပြင်းထန်ကြောင်း ထင်ရှားလှပြီး မီးသုံးသူ ပြည်သူများအနေဖြင့် အသနားခံနေရုံဖြင့် ကင်းလွတ်ခွင့်ရရှိနိုင်ရန် မလွယ်ကူကြောင်းသိသာ ထင်ရှားလှသည်။ မီးဆိုသည်မှာ ပူမှန်းသိပါလျက် ပူမည်မထင်၍ကိုင်မိလျှင် ကိုင်မိသူသာအပူဒဏ် ခံစားရပါလိမ့်မည်။ ဥပဒေဆိုသည်မှာလည်း အလား တူပင်ဖြစ်ကာ မသိလို့၊ နားမလည်လို့ပါဟု ထုချေနေရုံ ဖြင့် အပြစ်မှလွတ်မည်မဟုတ်သဖြင့် တရားမဝင် ဓာတ်အားသုံးစွဲမှုများ ဆောင်ရွက်ပါက ထောင်နန်းစံ ရနိုင်မည်ကိုလည်း နားလည်သဘောပေါက်ကြရန် အထူးပင်လိုအပ်နေပြီဖြစ်သည်။

 

မီဒီယာအချို့တွင် စွပ်စွဲဖော်ပြ

 

မီတာခနှုန်းမတိုးမီကပင် ကုန်ဈေးနှုန်းများ တိုးနေသည်ကို ပြည်သူများတွေ့ကြုံခဲ့ပြီးဖြစ်သဖြင့် ကုန်ဈေးနှုန်းများ တက်နေခြင်းသည် မီတာခတက်ခြင်းနှင့် လုံးဝမသက်ဆိုင်သည်မှာ ထင်ရှားပါသည်။ မီဒီယာအချို့တွင် စွပ်စွဲဖော်ပြနေကြသလို အဆနှင့်တိုးမြှင့်ခဲ့ခြင်းလည်းမဟုတ်ဘဲ လျှပ်စစ်ဓာတ်အား အနည်းငယ်သာ အသုံးပြုနိုင်သော အခြေခံလူတန်းစားများအတွက် အနည်းငယ်သာ တိုးမြှင့်ထားခြင်းဖြစ်ပြီး များများသုံးစွဲလိုသူများ အနေဖြင့် နိုင်ငံတော်က ထုတ်လုပ်စရိတ်ကာမိစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ကြောင်း ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။ ဓာတ်အားနည်းနည်းသုံးပါက ဓာတ်အားခသက်သာပြီး များများသုံးပါက နိုင်ငံတော်က ထုတ်လုပ်စရိတ်ပိုမိုကာမိစေသော စနစ်ဖြစ်ကြောင်းကို ဓာတ်အားခနှုန်းထားသစ်များကို သေချာစွာလေ့လာကြည့်ရှုပါက သိမြင်နိုင်ကြပါ လိမ့်မည်။

 

လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစရိတ်မှာ ကမ္ဘာအနှံ့အပြားတွင် အနည်းဆုံး ကျပ် ၃၀၀ မှ ကျပ် ၄၀၀ ခန့် ရှိနေချိန်တွင် မြန်မာနိုင်ငံအနေဖြင့် တစ်ယူနစ်လျှင် ကျပ် ၅၀ သာ ရယူထားခြင်း ဖြစ်ပါသည်။ လျှပ်စစ်သုံးစွဲမှု ပမာဏများလာခြင်း၊ ငွေကြေးဖောင်းပွမှုမြှင့်တက်လာခြင်း၊ ပြည့်ဖြိုးမြဲစွမ်းအင် (Renewable energy) ပြောင်းလဲသုံးစွဲရန် ကြိုးစားခြင်း၊ အစိုးရ၏ ငွေကြေးစိုက်ထုတ်နေရမှုများကို လျှော့ချလိုခြင်း၊ လောင်စာဆီနှင့် သဘာဝ ဓာတ်ငွေ့ဈေးတက်ခြင်း စသည့်အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတကာတွင်လည်း လျှပ်စစ်မီတာခများ တိုးမြှင့်လေ့ရှိပါသည်။ အိမ်နီးချင်းထိုင်းနိုင်ငံတွင် ၂၀၂၃ ခုနှစ်က တစ်ယူနစ်ကို ၃ ဒသမ ၃၈ ဘတ်မှ ၂၀၂၄ ခုနှစ်တွင် တစ်ယူနစ် ၄ ဒသမ ၁၈ ဘတ်ထိ တိုးမြှင့်ခဲ့ပါသည်။ အလားတူ ဗီယက်နမ်နိုင်ငံတွင် လည်း တစ်နှစ်အတွင်း မီတာခကို ၇ ဒသမ ၅ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ပါသည်။

 

ဓာတ်အားခဈေးနှုန်းများ မြင့်တက်လာရခြင်း၏ အဓိကအကြောင်းရင်း

 

မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံများတွင် ဓာတ်အားခဈေးနှုန်းများ မြင့်တက်လာရခြင်း၏ အဓိက အကြောင်းရင်းတစ်ခုမှာ ရုပ်ကြွင်းလောင်စာသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကို လျှော့ချပြီး ဈေးနှုန်းကြီးမြင့်သည့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များကို ပိုမိုထုတ်လုပ်လာရခြင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်၍ အိမ်နီးချင်းနိုင်ငံများတွင် အဆိုပါအခြေအနေများကို သိမြင်ကြ၍ ဓာတ်အားခတက်ခြင်းအပေါ် ပြည်သူများအနေဖြင့် ဝေဖန်ခြင်း မျိုး မရှိသည်ကိုလည်း တွေ့ရှိရပါသည်။

 

တစ်ဖက်တွင်လည်း မီတာခတိုးမြှင့်ကြောင်း ကြေညာလိုက်စဉ်တွင်ပင် ပြည်သူများဘက်က မီတာခတော့တိုးပြီး လျှပ်စစ်ကိုတော့ အပြည့်မပေးကြောင်း ဝေဖန်မှုများမြင့်တက်လာပါသည်။ နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓာတ်အားကို အလုံအလောက်မထုတ်လုပ်နိုင်သေးသဖြင့် အလှည့်ကျ ပေးနေရခြင်းဖြစ်ပြီး လျှပ်စစ်မီတာခတိုး မြှင့်လိုသဖြင့် လျှပ်စစ်လုံလောက်လျက်သားနှင့် အလှည့်ကျပေးနေခြင်းမျိုး မဟုတ်သောကြောင့် မီတာခ တိုးတိုးချင်း မီးအပြည့်အဝပေးရန်မှာ မဖြစ်နိုင်သေးပါ။

 

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးသည့် စက်ရုံများ၊ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများသည် ယခုချက်ချင်းဆောက်၊ ယခုချက်ချင်း မပြီးစီးနိုင်ပါ။ မဟာဓာတ်အားလိုင်းတိုင်ကြီးတစ်ခု အား ဖြိုဖျက်ရန် မိနစ်ပိုင်းသာလိုသော်လည်း ပြန်လည်တည်ဆောက်ရန် အချိန်များစွာလိုအပ်ပါသည်။ အချို့သော စက်ပစ္စည်း ကိရိယာများသည် ပြည်ပမှ ဝယ်ယူရသဖြင့် ထိုက်သင့်သည့်အချိန် လိုအပ်ပါသည်။ မန်းမှုတ်လိုက်ရုံဖြင့် ဘွားခနဲပေါ်လာခြင်းမျိုး မဟုတ်သဖြင့် မီတာခတိုးလိုက်ရုံဖြင့် ချက်ချင်း လျှပ်စစ်အပြည့် ရနိုင်မည်တော့ မဟုတ်ပါ။ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်တိုးတက်ထုတ်လုပ်နိုင်ရေးနှင့် အပြည့်အဝ ပေးနိုင်ရေးအတွက် တစိုက်မတ်မတ်ဆောင်ရွက် လျက်ရှိသဖြင့် မဝေးတော့သည့်ကာလတွင် ပို၍ပို၍ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်လာမည်ဖြစ်ပါသည်။

 

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ နိုင်ငံတော်က ဓာတ်အားတိုးမြှင့်ရခြင်း အကြောင်းရင်းသည် ငွေကြေး မတတ်နိုင်သည့် မိသားစုတွင် လျှပ်စစ်ယူနစ်ကို နည်းနည်းပဲသုံးကြသဖြင့် နိုင်ငံတော်ဘက်က စိုက်ထုတ်ရခြင်း နည်းသော်လည်း လျှပ်စစ်အသုံး အဆောင်များစွာဖြင့် လျှပ်စစ်ယူနစ်အများကြီး သုံးစွဲမှုအပေါ် နိုင်ငံတော်ဘက်က အများကြီးစိုက်ထုတ်ရသဖြင့် စိုက်ထုတ်ရသက်သာစေရန် ရည်ရွယ် ဆောင်ရွက်လိုက်ခြင်းသာ ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ဓာတ်အားခတိုးမြှင့်ခြင်းအပေါ် အဆိုးမြင်ဝါဒီသမားများ၏ အဆိုးမြင်ဝေဖန်ချက် များကိုဂရုမပြုကြဘဲ လျှပ်စစ်ကိုပိုမိုရရှိစေရန်အတွက် လျှပ်စစ်ဓာတ်အားကို မလိုအပ်ချိန်တွင် အသုံးမပြုခြင်း၊ တရားမဝင်ဓာတ်အား ခိုးယူသုံးစွဲခြင်းများကို ရှောင်ကြဉ်ခြင်းဖြင့် ပြည်သူများဘက်မှ ပါဝင်ပူးပေါင်းဆောင်ရွက်ပေးကြပါရန် အနူးအညွတ် မေတ္တာရပ်ခံ ရေးသားတင်ပြလိုက်ရပါသည်။