ရန်ကုန် ၊ အောက်တိုဘာ ၆
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် သီတင်းကျွတ်ပွဲတော်ကာလ၌ ပြည်တွင်း၊ ပြည်ပခရီးသွား လက်ဆွဲပန်းချီဝါသနာရှင်များအား အထင်ကရဘုရား၊ စေတီများအနီးရှိ ထနောင်းပင်ရိပ်တို့တွင် ဒေသခံလက်ဆွဲပန်းချီပညာရှင်များက ပုဂံယဉ်ကျေးမှုရိုးရာ ကနုတ်ပန်းပုံများ၊ လူငယ်အကြိုက် ခေတ်မီပုံများနှင့် ပုဂံအလှနှင့်လိုက်ဖက်ညီသည့် လက်ဆွဲပန်းချီ ဒီဇိုင်းအသစ်အဆန်းများဖြင့် ဝန်ဆောင် မှုပေးရန် ပြင်ဆင်ထားကြောင်း ဒေသခံလက်ဆွဲပန်းချီအသိုက်အဝန်းမှ သိရသည်။
သီတင်းကျွတ်ပွဲတော်ကာလသည် ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်ဖြစ်၍ နိုင်ငံတစ်ဝန်းမှ ခရီးသွားများ လာရောက်လည်ပတ်ကြလေ့ရှိပြီး သီတင်းကျွတ်အဖိတ်နေ့၊ လပြည့်နေ့နှင့် လပြည့်ကျော်တစ်ရက်နေ့ တွင် အထူးစည်ကားသောကြောင့် ဟိုတယ်နှင့် တည်းခိုခန်းများ လူပြည့်လေ့ရှိ၍ ဒေသခံများ အလုပ်အကိုင်အခွင့်အလန်း ပွင့်လန်းလေ့ရှိသည့် ရာသီအလိုက် ပွဲတော်တစ်ခုလည်း ဖြစ်သည်။
“ပုဂံရှေးဟောင်းနယ်မြေဟာ အထင်ကရ ဘာသာရေးယဉ်ကျေးမှုနယ်မြေဖြစ်တဲ့အတွက် လာရောက် ကြတဲ့သူတိုင်း ကုသိုလ်အထူးရကြပါတယ်။ အေးချမ်းသာယာတဲ့ဒေသ ဖြစ်တဲ့အပြင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေ စုဝေးတဲ့နေရာဖြစ်တာကြောင့် လာရောက်လေ့လာ လည်ပတ်သင့်တဲ့ ဒေသတစ်ခုပါ။ ပုဂံဒေသကိုရောက်ရင် အထင်ကရ ဘုရား/စေတီဖူးတာ၊ မြင်းလှည်းစီးတာ၊ ဆည်းဆာ အလှကြည့်တာနဲ့ လက်ပန်းချီဆွဲတာဟာ ဒေသယဉ်ကျေးမှုတစ်ခုလိုဖြစ်နေပါပြီ။ နိုင်ငံခြားသားတွေက ပုဂံဘုရားနဲ့သက်ဆိုင် တဲ့ပုံတွေကိုအထူးနှစ်သက်ပြီး ပြည်တွင်ခရီးသွားတွေက ပုဂံအငွေ့အသက်နဲ့ ခေတ်ဆန်း တက်တူးပုံတွေကြိုက်ကြတယ်။ ဒါကြောင့် ဒီသီတင်းကျွတ်မှာ မနှစ်ကထက် ခရီးသွားဝင် ရောက်မှာဖြစ်တဲ့အတွက် ပုဂံကလက်ပန်းချီပညာရှင်တွေက ပုဂံယဉ်ကျေးမှုပုံရိပ်နဲ့ ခေတ်မီပုံစံ ပေါင်းစပ်ပြီး ဆန်းသစ်တဲ့ဒီဇိုင်းပုံစံတွေနဲ့ဝန်ဆောင်မှုပေးဖို့ပြင်ဆင်ထားပါတယ်။ ခရီးသွားအားလုံးကို ပုဂံသူ/ပုဂံသားများက နွေးထွေးလှိုက်လှဲစွာ ကြိုဆိုနေပါတယ်”ဟု လက် ဆွဲပန်းချီပညာရှင် တစ်ဦးဖြစ်သော ဦးဇေယျာက ပြောသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတွင် ရွှေဆည်းခုံ၊ ထီးလိုမင်းလို၊ အလိုတော်ပြည့်၊ အာနန္ဒာ၊ ဗူးဘုရား၊ သဗ္ဗေညုစေတီ၊ ဓမ္မရံကြီး၊ ရွှေဆံတော်၊ လောကနန္ဒာ၊ ရွေကွန်ချာ၊ မနူဟာစေတီ၊ မြစေတီ၊ ငှက်ပစ်တောင်၊ တူရွင်းတောင်နှင့် အခြားသော ဘုရား၊ စေတီ၊ ဂူတို့တွင် ထနောက်ပင်ရိပ်အောက်၌ ခရီးသွားများကို လက်ဆွဲပန်းချီဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။
လက်ဆွဲပန်းချီကနုတ်ပန်းတစ်ခုလျင် ငွေကျပ် ၁၅၀၀ မှ ကျပ် ၃၀၀၀၀ အထိစျေးရှိပြီး အမျိုးသား၊ အမျိုးသမီး၊ ကလေး၊ လူငယ်ပါမကျန် လက်နှင့်လက်မောင်းတစ်လျှောက် လက်ဆွဲပန်းချီရေးဆွဲမှုကို နှစ်သက်ကြလေ့ရှိရာ ခရီးသွားများအကြိုက် နှစ်သက်ရာပုံကို ရေးဆွဲပေးလျက်ရှိကြောင်း၊ ပုဂံဒေသတွင် နှစ်ပေါင်း ၁၀ နှစ်ခန့်သက်တမ်းရှိသော လက်ဆွဲ ပန်းချီလုပ်ငန်းတွင် ပုဂံယဉ်ကျေးမှုနယ်မြေတစ်ဝန်းရှိ လက်ဆွဲပန်းချီရေးဆွဲသူ ၁၀၀ ကျော်မှ နှစ်စဉ် ပြည်တွင်း၊ ပြည်ပခရီးသွားများအား ဝန်ဆောင်မှုပေး လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ - ဇွဲမာန် - သစ္စာ(MNA)


