နေပြည်တော်၊  အောက်တိုဘာ ၆

 

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ကျန်းမာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့်အတူ ယမန်နေ့ နံနက် ၁၁ နာရီတွင် ရန်ကုန် တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမျိုးသားကင်ဆာရောဂါကုသရေး ဌာန (National Cancer Institute-NCI)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင် ယခုအခါ ဓာတ်ရောင်ခြည်ကုသစက်များနှင့်အတူ တွဲဖက်အသုံးပြုရမည့် ဓာတ်ရောင်ခြည်ဖြင့် ကုသမှု အထောက် အကူပြုစက် (CT Simulator) တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိပြီး မကြာမီပြီးစီးမည်ဖြစ်၍ အောက်တိုဘာလ၊ တတိယပတ်မှစ၍ ကနဦးလက်တွေ့သင်ကြားကုသမှု စတင်နိုင်မည်ဖြစ်ပါကြောင်း၊ ယင်းနောက် လူနာသစ်များကို ကုသမှုပေးနိုင်ရန်စီစဉ်လျက်ရှိပါကြောင်း၊ ယခုတပ်ဆင်ပြီးဖြစ်သည့် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါ ကုသစက်သစ် Linear Accelerator ဖြင့် တစ်ရက်လျှင် ကင်ဆာလူနာ (၅၀)မှ (၁၀၀)အထိ ကုသမှုပေးနိုင်မည်ဖြစ်ပြီး ထပ်မံ၍ ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသစက်သစ် (၂)လုံး တပ်ဆင်ပြီးပါက ယခုနှစ် ဒီဇင်ဘာလမှစတင်၍ တစ်ရက်လျှင် စုစုပေါင်း လူနာ(၂၀၀)အထိ ဓာတ်ရောင်ခြည်ဖြင့် ကုသပေးနိုင်တော့မည်ဖြစ်ပါကြောင်း၊ အောက်တိုဘာလမှစတင်၍ လူနာများ ဘေးကင်းလုံခြုံစိတ်ချစွာဖြင့် စိတ်အေးချမ်းသာစွာ ကုသနိုင်ရန်အတွက် အစစအဆင်ပြေအောင် စီစဉ် ဆောင်ရွက်ထားရှိရန်၊ လိုအပ်သောလူ့စွမ်းအားအရင်းအမြစ် ပြည့်ဝစွာထားရှိနိုင်ရေး စီစဉ်ဆောင်ရွက်ထား ရှိရန် မှာကြားသည်။

 

ဆက်လက်၍ ကင်ဆာရောဂါဝေဒနာရှင်လူနာများ စိတ်အေးချမ်းသာစွာ ကုသမှုခံယူနိုင်ရန်အတွက် L Shape (၈)ထပ် အဆောက်အဦကိုလည်းကောင်း၊ အမျိုးသားကင်ဆာရောဂါကုသရေး ဌာနတွင် တာဝန်ထမ်း ဆောင်မည့် ကျန်းမာရေးဝန်ထမ်းများအတွက် လေးခန်းတွဲငါးထပ် အရာထမ်းအိမ်ရာ (၁)လုံး၊ အမှုထမ်း အိမ်ရာ (၂)လုံးတို့ကိုလည်းကောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဆောက်လုပ်လျက်ရှိရာ လုပ်ငန်းပြီးစီးမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။  

 

မွန်းလွဲပိုင်းတွင် JICA အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လမ်းမတော်မြို့နယ်ရှိ အထူးကုဆေးရုံသစ်ကြီး-ရန်ကုန် တည်ဆောက်ရေးစီမံကိန်း (The Project for Construction of New Yangon Specialist Hospital-New YSH)သို့ သွားရောက်ကာ စီမံကိန်းအတိုင်ပင်ခံကုမ္ပဏီနှင့် ဆေးရုံအဆောက်အဦ တည်ဆောက်ရေးကုမ္ပဏီများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံကာ (၇)ထပ် ဆေးရုံအဆောက်အဦ ဆောက်လုပ်ရေးလုပ်ငန်းများ စွမ်းအားပြည့်အကောင် အထည်ဖော်ဆောင်ရွက်ရေး မှာကြားကာ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

အဆိုပါ စီမံကိန်းကို ကျန်းမာရေးဝန်ကြီးဌာနနှင့် JICA တို့အကြား Grant Agreement လက်မှတ်ရေးထိုးခြင်း ဆောင်ရွက်ခဲ့ပြီး COVID-19 ကပ်ရောဂါကာလအတွင်း ဆောက်လုပ်ရေး လုပ်ငန်းများ ရပ်နားခဲ့သော်လည်း ယခုနှစ်၊ ဇွန်လမှစတင်၍ ပြင်ဆင်တည်ဆောက်ရေးလုပ်ငန်းများ ပြန်လည်စတင်ခဲ့သည်။

 

အထူးကုဆေးရုံသစ်ကြီး- ရန်ကုန် တည်ဆောက်ရေးစီမံကိန်းပြီးစီးပါက နိုင်ငံတကာအဆင့်မီ ဆေးရုံဒီဇိုင်းနှင့် ဆေးရုံသုံးပစ္စည်းများပါ၀င်သော နှလုံး၊ ဦးနှောက်နှင့်အာရုံကြော အထူးကုဆေးရုံကြီး အဖြစ် ရပ်တည်ကာ ပြည်သူလူထုအား အရည်အသွေးပြည့် ကျန်းမာရေးစောင့်ရှောက်ရေးလုပ်ငန်းများ ပိုမို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)