အောက်တိုဘာ ၇

ဗီယက်နမ်နိုင်ငံသို့ ၂၀၂၄ ခုနှစ် ပထမကိုးလအတွင်း နိုင်ငံခြားခရီးသွားဝင်ရောက်မှု ၁၂ ဒသမ ၇ သန်းကျော်ရှိရာ လွန်ခဲ့သောနှစ်ကထက် ၄၃ ရာခိုင်နှုန်းပိုမိုများပြားလာကြောင်း ဗဟိုစာရင်းအင်းရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါကာလအတွင်း နိုင်ငံခြားခရီးသွားများသည် လေကြောင်းဖြင့် ၁၀ ဒသမ ၈ သန်း နီးပါးဝင်ရောက်မှုရှိပြီး ခရီးသွားဝင်ရောက်မှုစုစုပေါင်း၏ ၈၄ ဒသမ ၉ ရာခိုင်နှုန်းရှိကြောင်း၊ ကုန်းကြောင်းဖြင့် ခရီးသွားဝင်ရောက်မှု ၁ ဒသမ ၈ သန်းခန့်ရှိပြီး ၁၃ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်းနှင့် ရေကြောင်းဖြင့် ခရီးသွား ၁၆၅၇၀၀ နီးပါးရှိပြီး ၃ ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အာရှမှခရီးသွားဝင်ရောက်မှုအများဆုံးဖြစ်ပြီး ခရီးသွားဝင်ရောက်မှု ၁၀ ဒသမ ၁၂ သန်းကျော်ရှိရာ လွန်ခဲ့သောနှစ်ကဝင်ရောက်သော ခရီးသွားဦးရေထက် ၄၇ ဒသမ ၇ ရာခိုင်နှုန်း ပိုမိုများပြားခဲ့သည်။

စက်တင်ဘာလတစ်လအတွင်းမှာပင် နိုင်ငံခြားခရီးသွားဝင်ရောက်မှု ၁ ဒသမ ၂၇ သန်းရှိသည်ဟု ထိုရုံးကဆိုသည်။ ထိုခရီးသွားဝင်ရောက်မှုသည် ဩဂုတ်လက ခရီးသွား ၁ ဒသမ ၄၃ သန်း ဝင်ရောက်မှုရှိရာမှ လျော့ကျသွားခြင်း ဖြစ်သည်။

စက်တင်ဘာလတွင် ခရီးသွားဝင်ရောက်မှုလျော့ကျသွားသော်လည်း လွန်ခဲ့သောသုံးလက နိုင်ငံခရီးသွားဝင်ရောက်မှု အများဆုံးဖြစ်သဖြင့် ယခုနှစ်အတွင်းနိုင်ငံခြားခရီးသွား ၁၇ မှ ၁၈ သန်း ဝင်ရောက်မှုရှိမည်ဟု ခရီးသွားလုပ်ငန်းက မျှော်မှန်းထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို