ရန်ကုန်  ၄ မတ်

 

ရန်ကုန်မြို့တော်၏ မြို့တွင်း၊ မြို့နယ် (၆) မြို့နယ်အတွင်း လူသွားလမ်းများ အဆင့်မြှင့်တင်ရန် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍လည်း အဓိကအဖွဲ့ (၂)ဖွဲ့ဖြင့် လေ့လာဆန်းစစ်မှုများ ပြုလုပ်လျက်ရှိပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ယူ ကြီးကြပ်စီမံခန့်ခွဲလျက်ရှိသည့် ပန်းခြံနှင့် အားကစားကွင်းများ အဆင့်မြှင့်တင်ခြင်းဆိုင်ရာ လုပ်ငန်းများ ကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် ဘဏ္ဍာငွေ လျာထားဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး  အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက ပြောသည်။

 

လသာမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန် ၏ “ရန်ကုန်မြို့တော် အတွင်း မြို့နယ်အလိုက် လူဦးရေနှင့်အညီ Public Area ပန်းခြံများ၊ လူသွားလမ်းများ၊ စက်ဘီးစီးရန် လမ်းများ ဆောင်ရွက်ရန် အစီအစဉ် ရှိ မရှိ” မေးမြန်းမှုကို စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက ယနေ့ ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပုံမှန်အစည်းအဝေးတွင်  ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက “ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့တော်ကြီးကို နိုင်ငံတကာအဆင့်မီ မြို့တော်ကြီး ဖြစ်လာစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့ပြအင်္ဂါရပ်နှင့်အညီ မြို့ပြစီမံကိန်းများ စနစ်တကျ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ စီမံခန့်ခွဲဆောင်ရွက်လျက်ရှိသော ပန်းခြံ (၆၁)ခုနှင့် ကစားကွင်း (၁၁၈)ခု တည်ရှိပါကြောင်း။ 

 

ရန်ကုန်မြို့တော်၏ လက်ရှိ လူဦးရေတည်ရှိမှုအရ လူတစ်ဦးချင်းစီအတွက် စိမ်းလန်းမြေဧရိယာမှာ (၅ ဒသမ ဝ၂) စတုရန်းပေ ဖြစ်ပါကြောင်း၊ ထိုသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူ ကြီးကြပ်စီမံခန့်ခွဲလျက်ရှိသည့် ပန်းခြံနှင့် အားကစားကွင်းများ အဆင့်မြှင့်တင်ခြင်းဆိုင်ရာ လုပ်ငန်းများကိုလည်း ဘဏ္ဍာရေးနှစ်အလိုက် ဘဏ္ဍာငွေ လျာထားဆောင်ရွက် လျက်ရှိကြောင်း။ 

 

ရန်ကုန်မြို့တော်၏ မြို့တွင်း၊ မြို့နယ် (၆) မြို့နယ်အတွင်း လူသွားလမ်းများ အဆင့်မြှင့်တင်ရန် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍လည်း အဓိကအဖွဲ့ (၂)ဖွဲ့ဖြင့် လေ့လာဆန်းစစ်မှုများ ပြုလုပ်လျက်ရှိပါကြောင်းနှင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ အနေဖြင့်လည်း ဘဏ္ဍာရေးနှစ်အလိုက် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လသာမြို့နယ် Public Area တွင် Community Center ကိုရှာရန် အစီအစဉ်ရှိပြီး တခြား ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်လည်း အလေးထား ဆောင်ရွက်နေပါကြောင်း ” ပြန်လည်ဖြေကြားခဲ့သည်။ 

 

MDN


Source;Yangon Hluttaw