ရန်ကုန် အောက်တိုဘာ ၇

 

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အခြေခံပညာ ဆရာ၊ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁၀၇) သင်တန်းဖွင့်ပွဲကို အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက အဆိုပါတက္ကသိုလ် ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်၊ အဖွဲ့ဝင် ဦးစိုးတင့်၊ ဥက္ကဋ္ဌရုံးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊  နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများ၊  တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက “ပညာ၏အခြေခံဖြစ်သော စဉ်းစားတွေး ခေါ်တတ်သူများဖြစ်လာအောင် သင်ကြားရေးသည် ဆရာ၊ ဆရာမများ၏ တာဝန်ဖြစ်ကြောင်း၊ စေတနာ၊ အနစ်နာ၊ ဝါသနာအရင်းခံပြီး ကျောင်းသားလူငယ်များကို စာပေပညာတတ်ရုံသာမက နိုင်ငံချစ်စိတ်ရှိရေး၊ စိတ်ဓာတ်ကောင်းမွန်ရေး၊ ကာယ၊ ဉာဏအကျင့်စာရိတ္တ ခိုင်မာကောင်းမွန်စေရေး ဆုံးမသွန်သင်ကြရန်နှင့် တစ်မျိုးသားလုံး ပညာရည်မြင့်မားရေးအတွက် ကျရာကဏ္ဍမှ အားသွန်ခွန်စိုက် ထမ်းဆောင်ကြရန်” တိုက်တွန်းမှာကြားသည်။

 

အခြေခံပညာ ဆရာ၊ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁၀၇)သို့ သင်တန်းသား ၃၁ ဦး၊ သင်တန်းသူ ၃၆၀ စုစုပေါင်း ၃၉၁ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ ငါးပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်