ရန်ကုန် အောက်တိုဘာ ၇

 

ရာဂီ တိုင်ဖွန်းမုန်တိုင်း သက်ရောက်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်မှုကြုံတွေ့ခဲ့သည့် မိုးစပါးစိုက်ခင်း ၇၄၀၁၁ ဧကတွင် အောက်တိုဘာ ၆ ရက်အထိ ၅၁၆၄၈ ဧက ပြန်လည်စိုက်ပျိုးထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ယခုနှစ်မိုးရာသီတွင် တိုင်းဒေသကြီးအတွင်း မိုးစပါး ၁၁၄၈၂၂၂ ဧကစိုက်ပျိုးရန် လျာထားဆောင်ရွက်ခဲ့ပြီး ၁၁၁၁၈၀၂ ဧက စိုက်ပျိုးခဲ့ကာ မိုးစပါးခိုက်ခင်း ၇၄၀၁၁ ဧက ရေနစ်မြုပ်ပျက်ဆီးမှုတွင် အစားထိုးပြန်လည်စိုက်ပျိုးရာ၌ ကျန်ရှိသော ၂၂၃၆၃ ဧကအား အောက်တိုဘာလ နောက်ဆုံးပတ်တွင် စိုက်ပျိုးပြီးစီးရန် စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

 

“ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားတဲ့စိုက်ခင်းနေရာတွေမှာ အရံပျိုးပင်တွေနဲ့ အစားထိုးစိုက်ပျိုးနေပါတယ်။ ပျိုးသက် ရက် ၂၀ နဲ့လည်း စိုက်ပျိုးလို့ရတဲ့အတွက် အခုလို နေသာနေမယ်ဆိုရင် စိုက်ဧကမြန်မြန်တက်လာမှာပါ။ စိုက်ပျိုးရာသီကျန်နေသေးတဲ့အပြင် လျာထားချက်နဲ့အညီ စိုက်ပျိုးနေတာဖြစ်တဲ့အတွက် အောက်တိုဘာလကုန်ဆိုရင် အဖြေထွက်မှာပါ။ မနှစ်ကမိုးစပါးထက် ဒီနှစ်မှာ စိုက်ဧကလျော့သွားမှာ မဟုတ်ပါဘူး။ တောင်သူတွေ ဝင်ငွေမလျော့တဲ့အတွက် ဒုတိယသီးနှံကိုလည်း ဆက်ပြီးစိုက်ပျိုးနိုင်မှာပါ။ အဲ့ဒီအတွက် ပညာပေးလုပ်ငန်းတွေမှာ ဝိုင်းဝန်းပါဝင်ခဲ့ကြတဲ့ အကျိုးကျေးဇူးအဖြစ် တောင်သူတွေ စိုက်ပျိုးခဲ့တဲ့မိုးစပါးကို အားရကျေနပ်မှုရှိပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှကြည်က ပြောသည်။

 

ပြည်ပပို့ကုန် အရည်အသွေးကောင်း အမျိုးအစားများဖြစ်သော ပေါ်ဆန်းမွှေး၊ ပေါ်ဆန်းယဉ်၊ ဧရာမင်း၊ မှော်ဘီ-၂ တို့ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးစပါးရာသီ၌ စိုက်ပျိုးထားသည့်အပြင် ဆင်းသုခ၊ မနောသုခ၊ GW 11၊ ရက် ၉၀၊ သီးထပ်ယဉ်၊ ရွှေဝါထွန်း၊ ရာကျော်၊ ဆင်းသွယ်လတ်၊ မှော်ဘီ-၃၊ ပခမ်းရွှေဝါ၊ ကရင်မထိပ်စောင်းတို့ကိုလည်း စိုက်ပျိုးထားသည်။

 

ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော မိုးစပါးဧရိယာတို့တွင် ကောက်ပင် ကျဲသွားသောနေရာတို့၌ ကောက်ပင်ဖာထေးခြင်း၊ ကောက်ပင်လှန်နိုင်မှု အားကောင်းစေရန် ရေထုတ်ပေးခြင်း၊ ကျောက်မှုန့်ဂျစ်ပဆန်ကြဲပက်ခြင်း၊ အပင်လှန်ပြီးချိန်၌ ယူရီးယားဓာတ်မြေဩဇာနှင့် ကွန်ပေါင်းဓာတ်မြေဩဇာကို တစ်အချိုးတစ်နှုန်းဖြင့် တစ်ဧကလျှင် ၅၆ ပေါင်နှုန်းထည့်သွင်းခြင်း၊ စပါးပင်အနှံလောင်းဖြစ်တည်ချိန်၌ တစ်ဧကလျှင် ပိုတက်ဓာတ် မြေဩဇာ ၁/၄ အိတ်နှုန်းထည့်သွင်းခြင်း စသည့် သွင်းအားစုဖြည့်တင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနမှ ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ဓာတ်ပုံ- ကနူး

ညိမ်းသူ(သတင်းစဉ်)