နေပြည်တော် ၊ အောက်တိုဘာ ၇

 

အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတ ဖြစ်ရေး လုပ်ငန်းကော်မတီ သတ္တမအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၌ ကျင်းပရာ အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ-၁ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဥက္ကဋ္ဌ-၂ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် လုပ်ငန်းကော်မတီဝင်များ၊ အထောက်အကူပြုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌများနှင့် ဥပဒေရေးဆွဲရေး အဖွဲ့ငယ် အဖွဲ့ခေါင်းဆောင်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးများက အမှာစကားများက ပြောကြားကြပြီး လုပ်ငန်းကော်မတီ အတွင်းရေးမှူးက မူလရေးသားပြုစုထားသော အမျိုးသားမြေဥပဒေမူကြမ်း၊ ယခင်အကြံပြုချက်များ၊ ထပ်မံအကြံပြုချက်များနှင့် လုပ်ငန်းအဖွဲ့က ပြန်လည်စိစစ်ပြုစုထားသော မူကြမ်းများကိုတင်ပြရာ အစည်းအဝေးတက်ရောက် လာကြသူများက ပုဒ်မတစ်ခုချင်း၊ ပုဒ်မခွဲ တစ်ခုချင်းအပေါ် ဝိုင်းဝန်း ဆွေးနွေးကြသည်။

 

 ယနေ့အစည်းအဝေးတွင် ထွက်ပေါ်လာမည့် ယာယီအတည်ပြုချက်များနှင့်  ဥပဒေမူကြမ်း၏ ရှေ့အခန်းများကို ပြန်လည်စုစည်း၍ အသေးစိတ် ဆက်လက်စိစစ်ခဲ့ပြီး ပဏာမအတည်ပြုထားသော အမျိုးသားမြေဥပဒေ မူကြမ်းကို အောက်တိုဘာလကုန်တွင် အမျိုးသားမြေအသုံးချမှုကောင်စီသို့ တင်ပြပေးနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)