နေပြည်တော် အောက်တိုဘာ ၇
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်တက္ကသိုလ်၌ ၂၀၂၄ ခုနှစ် အဝေးသင်တက္ကသိုလ် ပထမအသုတ် သိပ္ပံသင်တန်းသားများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုကို လည်းကောင်း၊ ရတနာပုံတက္ကသိုလ်၌ အဝေးသင် ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး တက္ကသိုလ် သန့်ရှင်းသာယာရေးနှင့် သက်သာချောင်ချိရေး ဆောင်ရွက်ပေးမှုအခြေအနေကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများနှင့် တွေ့ဆုံ၍ စာစစ်လုပ်ငန်းများ အမှားအယွင်း မရှိအောင် ကြီးကြပ်ဆောင်ရွက်ရန်၊ အဝေးသင်ဒုတိယအသုတ်နှင့် တတိယအသုတ် အနီးကပ်သင်တန်းများတွင် ကျောင်းသားကျောင်းသူများ အမှန်တကယ် ပညာတတ် မြောက်အောင် စေတနာထား သင်ကြားပေးရန်၊ နိုဝင်ဘာ ၂၁ ရက်တွင် တက္ကသိုလ် ပုံမှန်တန်းများ ပြန်လည်ဖွင့်လှစ် မည်ဖြစ်သဖြင့် စာသင်ဆောင်များ၊ အိပ်ဆောင်များ သန့်ရှင်း ရေး စီမံဆောင်ရွက်ရန်နှင့် ဆရာ၊ ဆရာမ အရည်အသွေးမြှင့် မွမ်းမံသင်တန်းများ ဖွင့်လှစ်ရန် မှာကြားပြီး တင်ပြချက်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် မန္တလာတက္ကသိုလ်ရှိ အဝေးသင် ပထမအသုတ်သင်တန်း စာမေးပွဲခန်းများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်သို့ရောက်ရှိကာ ဆရာဆရာမများနှင့် တွေ့ဆုံ၍ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး တက္ကသိုလ်အတွင်း လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


