နေပြည်တော် အောက်တိုဘာ ၇
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့သို့ ရောက်ရှိပြီး ကလောမြို့၊ အမှတ် (၁)နှင့် (၅) ရပ်ကွက်အတွင်း စာရင်းစစ်၊ စာရင်းကောက်များက Mobile Tablet များဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မေးခွန်းများအား တစ်အိမ်တက်ဆင်း မေးမြန်းကောက်ယူနေမှုကို ကြည့်ရှုအားပေးကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ထို့နောက် ကလောမြို့ မြို့မကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ကလောမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရေဘေးသင့်ပြည်သူများအား ရေဘေးဒဏ်ကြောင့် ပျက်စီးပျောက်ဆုံးသွားသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးနေမှုကိုလည်းကောင်း၊ မြို့နယ်စာရင်းစစ်၊ စာရင်းကောက်များက Mobile Tablet များဖြင့် ရေဘေးသင့် ပြည်သူများအား သန်းခေါင်စာရင်းဆိုင်ရာ အစုအဖွဲ့မေးခွန်းပုံစံဖြင့် မေးမြန်း ကောက် ယူနေမှုကို လည်းကောင်း၊ ရေဘေးကြောင့်ပျောက်ဆုံးသွားသည့် e-ID စနစ်ဖြင့် ထုတ်ပေးထားသော Unique ID နံပါတ်ပါ စာရွက်များအား e-ID Sever ဖြင့် တိုက်ဆိုင်စိစစ်၍ ပြန်လည်ထုတ်ပေးနေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးကာ သန်းခေါင်စာရင်းအင်္ကျီများနှင့် အသုံးအဆောင်ပစ္စည်းများကို ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များကို ကာယကံရှင် ပြည်သူများထံပေးအပ်ပြီး ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးသည်။
ဆက်လက်၍ အောင်ပန်းမြို့ မင်္ဂလာရပ်ကွက်၌ တစ်အိမ်တက်ဆင်း သန်းခေါင်စာရင်း ကောက်ယူနေမှု ကိုလည်းကောင်း၊ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုဖြစ်ပွားခဲ့သည့် ကလောခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံး အခြေအနေကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးကာ ဝန်ထမ်းများနှင့်တွေ့ဆုံ အမှာစကားပြောကြား၍ ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


