ဒေးဒရဲ အောက်တိုဘာ ၈

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း​လုပ်ငန်းအား မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများသို့ ကွင်းဆင်းကောက်ယူလျက်ရှိရာ အောက်တိုဘာ ၇ ရက်အထိ ကောက်ကွက်ပေါင်း (၂၉၄)ကွက် ကောက်ယူပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ သန်းခေါင်စာရင်းကောက်ကွက်များတွင် လူဦးရေနှင့် အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာ ရရှိနိုင်ရေးအတွက် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာ အချက်အလက်များနှင့် အိမ်အကြောင်းအရာများကို အချက်အလက် (၆၈)ချက် မေးမြန်းကာ Mobile Tablet များဖြင့် အဆင့်မြင့်နည်းပညာများကို အသုံးချ၍ ဆက်လက်ကောက်ယူလျက်ရှိသည့် လုပ်ငန်းများအား မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနိုင်ဦးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီများ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

ဒေးဒရဲမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် စာရင်းကောက် (၃၉)ဖွဲ့က ကောက်ကွက်ပေါင်း (၅၅၂)ကွက်ဖြင့် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်းစနစ်ဖြင့် စနစ်တကျ စာရင်းကောက်ယူလျက်ရှိရာ အောက်တိုဘာ ၇ ရက်အထိ ကောက်ကွက်ပေါင်း (၂၉၄)ကွက်၊ အိမ်ထောင်စုပေါင်း (၂၆၈၉၀)စု ကောက်ယူပြီးစီးပြီး ကျန်ရှိနေသောကောက်ကွက်များကို အချိန်မီပြီးစီးရေး တာဝန်ရှိသူများက စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များ သွားလာမှုအဆင်ပြေချောမွေ့စေရေးနှင့် နေထိုင်စားသောက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

အေဇာလင်း