သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ ကုန်ကျစရိတ် အသက်သာဆုံးနှင့် ခရီးသည်နှင့် ကုန်စည်ဝန်ဆောင်မှုများစွာ ဆောင်ရွက်နိုင်သောကဏ္ဍတစ်ခုမှာ ရထားပို့ဆောင်ရေးကဏ္ဍဖြစ်သည်။ မြန်မာနိုင်ငံ သယ်ယူပို့ဆောင်မှု သမိုင်းကြောင်း၌ ပထမဦးဆုံး အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းဖြစ်သည့် နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိသော မြန်မာ့မီးရထားသည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများကို များစွာ အကျိုးပြုလျက်ရှိသည်။

 

ကိုလိုနီခေတ်က နယ်ချဲ့ဗြိတိသျှတို့သည် ၎င်းတို့၏အကျိုးစီးပွားဖြစ်ထွန်းရေးကိုရည်မှန်းပြီး မီးရထားလမ်းများကို အစောဆုံး တည်ဆောက်ကာ မီးရထားပို့ဆောင်ရေးကို တွင်ကျယ်စွာ ဆောင်ရွက်ခဲ့သည်။ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် ခေတ်အဆက်ဆက်အစိုးရများက မြန်မာ့မီးရထားလုပ်ငန်းကို ပြောင်းလဲမြှင့်တင် ဆောင်ရွက်ခဲ့ရာ မျက်မှောက်ကာလအထိ မြှင့်တင်အကောင်အထည်ဖော်လျက်ရှိသည်။ သို့သော် မီးရထား သယ်ယူပို့ဆောင်ရေးစနစ်သည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နောက်ကျနေဆဲဖြစ်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် မီးရထားကဏ္ဍ တစ်ခေတ်ပြန်လည်ဆန်းသစ်နိုင်အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

 

“မီးရထားစက်ခေါင်းတွဲများနှင့် ရထားတွဲများ ကောင်းမွန်ရန် လိုအပ်သကဲ့သို့ ရထားလမ်းများ စနစ်တကျဖြင့် ကောင်းမွန်ချောမွေ့မှုရှိစေရေးကိုလည်း အမြဲမပြတ်ဆောင်ရွက်နေရန်လိုကြောင်း၊ လျှပ်စစ်ရထား(EMU) ပြေးဆွဲနိုင်ရေးအတွက်လည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် လျှပ်စစ် ရထားများ ပြေးဆွဲနိုင်ရေးသည် မလွဲမသွေပြောင်းလဲရမည့် လုပ်ငန်းတစ်ရပ်ဖြစ်ပြီး စီမံကိန်း အောင်မြင်စေရေးအတွက် လိုအပ်သည်များကို ဆက်လက်သုတေသနပြု ဆောင်ရွက်သွားရန်လိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာလ ၇ ရက်နေ့တွင် မြို့ပတ်ဒီဇယ်စက်ခေါင်းရုံ (အင်းစိန်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံ၏ မီးရထားသယ်ယူပို့ဆောင်ရေးစနစ်ကို ၁၈၇၇ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး နှစ်ပေါင်း ၁၀၀ ကျော်ပြီဖြစ်သော သက်တမ်းအတွင်း အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်ပါက အကြောင်းအမျိုးမျိုးကြောင့် များစွာနောက်ကျကျန်နေသည်ကို တွေ့ရမည်ဖြစ်သည်။ မီးရထားသယ်ယူပို့ဆောင်ရေးစနစ်တွင် ရထားလမ်းများ၊ ရထားစက်ခေါင်းများနှင့် ရထားတွဲဆိုင်းများ ခေတ်နှင့်အညီ ကောင်းမွန်ရေးသည် အရေးကြီးသလို အချိန်မှန်မှန် ပြေးဆွဲနိုင်ရေးတို့သည်လည်း အရေးကြီးသော အချက်များဖြစ်သည်။ ထို့ကြောင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်ကိုက်ညီသည့် ရထားသံလမ်းများ၊ ကျောက်များ၊ ဇလီဖားတုံးများ ဖြည့်သွင်းပေးခြင်း၊ ခေတ်နှင့်အညီ ရထားစက်ခေါင်းများနှင့် ရထားတွဲဆိုင်းများ ဖြည့်တင်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

 

မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ ခရီးသွားလာမှု လွယ်ကူအဆင်ပြေ ချောမွေ့စေရေးအတွက် ရထားလမ်းပိုင်း အသီးသီးတွင် လူစီးရထားများ တိုးချဲ့ပြေးဆွဲပေးလျက်ရှိရာ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းနှင့်အတူ စပိန်နိုင်ငံမှဝယ်ယူခဲ့ပြီး ရောက်ရှိလာသည့် ခေတ်မီ Diesel Electric Multiple Unit(DEMU) ရထားတွဲဆိုင်းအသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် အမှတ် (၁၅) အဆန်နှင့် ပဲခူး-ရန်ကုန်ခရီးစဉ် အမှတ် (၁၆) အစုန် လူစီးရထားကို အောက်တိုဘာလ ၁ ရက်နေ့က စတင်ပြေးဆွဲလျက်ရှိသည်။ ပုဇွန်တောင် - မလွှကုန်း - သင်္ဃန်းကျွန်း - တိုးကြောင်ကလေး - ရွာသာကြီး - လေးဒေါင့်ကန် - ဒါးပိန်တို့မှ ပဲခူးအထိ ကျပ် ၂၅၀၀ သတ်မှတ်ထားသည်။ အဆိုပါခေတ်မီ ဒီဇယ်လျှပ်စစ်သုံးရထားသည် မြန်မာနိုင်ငံတွင် စတင်စမ်းသပ် ပြေးဆွဲမောင်းနှင်မှုအစီအစဉ်ဖြစ်ပြီး တစ်နာရီလျှင် ကီလိုမီတာ ၈၀ မြန်နှုန်းမြှင့်တင် ပြေးဆွဲခြင်းဖြစ်၍ အချို့လမ်းပိုင်းအကွေ့နေရာများတွင် အမြန်နှုန်းကန့်သတ်ချက်များနှင့် ကိုက်ညီမှုရှိစေရေး၊ လမ်းပိုင်းအလိုက် သုတေသနပြုဆောင်ရွက်ရေး၊ အမြန်နှုန်းနှင့် ကိုက်ညီမှုမရှိသည့် ရထားလမ်းနေရာများ၊ တံတားနေရာများကိုလည်း လေ့လာဆန်းစစ်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံရှိ ရထားလမ်းပိုင်းများနှင့် ကိုက်ညီသည့် အမြန်နှုန်းစံတစ်ခု သတ်မှတ်ဆောင်ရွက်ရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်ကိုက်ညီသည့် လမ်းပိုင်းကြံ့ခိုင်မှု ကောင်းမွန်ရေးတို့ကို နိုင်ငံတော် အကြီးအကဲက အသေးစိတ်လမ်းညွှန်မှာကြားထားသည်။

 

ရထားများအား သတ်မှတ်အမြန်နှုန်းအတိုင်း မောင်းနှင်နိုင်ရေးအတွက် သတိပြုဆောင်ရွက်ရမည့်အချက်များကို သက်ဆိုင်ရာတို့သာမက ပြည်သူများကလည်း အထူးလိုက်နာကြရမည်ဖြစ်သည်။ အထူးသဖြင့် ရထားလမ်းနယ်၌ သတ်မှတ်ထားသည့် ဥပဒေစည်းမျဉ်းစည်းကမ်းများ လိုက်နာရန်လိုအပ်ပြီး ရထားဘူတာများ၊ ရထားလမ်းနယ်များအားလုံး၌ စည်းကမ်းစနစ်အတိုင်း ဖြစ်ရန်လိုအပ်သည်။ ခေတ်မီသစ်လွင်သည့် ရထားစီးနင်းကြမည့် ပြည်သူများအနေဖြင့် နိုင်ငံကြီးသားပီသစွာ စီးနင်းကြဖို့လိုမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ရထားပို့ဆောင်ရေးစနစ်သည် တိုင်းပြည်တစ်ခု၏ အဓိကကျပြီး အကျိုးရှိသည့် ပို့ဆောင်ရေး စနစ်ဖြစ်ရာ ပြည်သူများ ဆက်သွယ်သွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် ရထားပို့ဆောင်ရေးစနစ် တစ်ခေတ်ပြန်လည်ဆန်းသစ်လာစေရန် ဆောင်ရွက်မှုများ ရေရှည်တည်တံ့ခိုင်မြဲစေရေး သတ်မှတ်စည်းကမ်း များနှင့်အညီ လိုက်ပါဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

 

ကြေးမုံ