ချောင်းဆုံ အောက်တိုဘာ ၉
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို အောက်တိုဘာ ၁ ရက်က စတင်ကောက်ယူလျက်ရှိရာ အောက်တိုဘာ ၉ ရက် နံနက်ပိုင်းက မုရစ်ကလေးကျေးရွာရှိ သန်းခေါင်စာရင်း ကောက်ကွက်များတွင် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြို့နယ်သန်းခေါင်စာရင်း ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် စာရင်းစစ်၊ စာရင်းကောက်များမှ Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်းစနစ်ဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် အိမ်ထောင်စုများအား မေးခွန်း(၆၈)ခုဖြင့် မေးမြန်းကောက်ယူနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန်နှင့် လိုအပ်သည်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။
ချောင်းဆုံမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ကွက်ပေါင်း (၁၇၂)ကွက်ရှိပြီး စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များမှ နံနက် ၇ နာရီမှ ညနေ ၆ နာရီထိ တစ်အိမ်တက်ဆင်း ကောက်ယူလျက်ရှိရာ အောက်တိုဘာ ၁ ရက်မှ ၈ ရက်အထိ သန်းခေါင်စာရင်း ကောက်ကွက်ပေါင်း (၁၀၀)ကွက် ကောက်ယူပြီးစီးပြီဖြစ်ကြောင်း၊ ကျန်ရှိသည့် သန်းခေါင်စာရင်း ကောက်ကွက်များတွင် အောက်တိုဘာ ၁၅ ရက်အထိ ဆက်လက်ကောက်ယူသွားမည် ဖြစ်ကြောင်း သိရသည်။
ကိုကျော်(ချောင်းဆုံ)


