နေပြည်တော်၊ အောက်တိုဘာ ၉

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့ (CPU) ၏ တတိယအကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ (CPU) အဖွဲ့ခေါင်းဆောင်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြသည်။

 

အစည်းအဝေးတွင် (CPU) အဖွဲ့ခေါင်းဆောင်၊ ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို အဓိကဖော်ဆောင်ပြီး နိုင်ငံတော်၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍကို အဓိကတာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်၍ အဂတိလိုက်စားမှု လုံးဝကင်းရှင်းရန် လိုအပ်ပါကြောင်း၊ ဌာနများ၏ တိုင်ကြားနိုင်သော E-mail, Website များကို အများပြည်သူများ ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် ကြေညာသင်ပုန်းတွင် ထားရှိရန် စီမံဆောင်ရွက်ပြီးစီးမှုများနှင့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ် (PFP) တွင် ပြည်သူထံ SMS ပေးပို့မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်း အခြေအနေများကို ယနေ့အစည်းအဝေးတွင် ဆွေးနွေးသွားရန် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

 

ဝန်ကြီးဌာနနှင့် ဦးစီးဌာန၊ တက္ကသိုလ်များ၏ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့များသို့ အဂတိလိုက်စားမှုများနှင့် ပတ်သက်၍ လွယ်ကူစွာ သတင်းပို့တိုင်ကြားနိုင်ရန်အတွက် အကြံပြုစာ၊ တိုင်ကြားစာ စာတိုက်ပုံး (၇၁)ခု ထားရှိပေးထားသည့်အပြင် Online မှလည်း လွယ်ကူစွာ တိုင်ကြားနိုင်ရေးအတွက် တိုင်ကြားနိုင်သည့် E-mail လိပ်စာ (၉၈)ခု ထုတ်ပြန်ထားရှိပြီး၊ ဦးစီးဌာနတက္ကသိုလ် (၆)ခုတို့၏ Websites များမှတစ်ဆင့် တိုင်ကြားနိုင်ရန်လည်း စီစဉ်ထားရှိပြီး ဖြစ်ကြောင်း၊ ဌာနများအတွင်း အဂတိလိုက်စားမှု မဖြစ်ပေါ်စေရန် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ စီမံခန့်ခွဲမှုအရ ဆောင်ရွက်ပေးမှု (၃၇)ကြိမ်၊ အသိပညာပေးဟောပြောမှု (၄၅၂)ကြိမ်၊ လက်ကမ်းစာစောင်များ ဖြန့်ဝေမှု (၂၁၆၂) စောင်၊ သင်တန်းပို့ချမှုအကြိမ် (၂၀)နှင့် အလုပ်ရုံဆွေးနွေးပွဲ (၉)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်